ပုလဲမြို့နယ် ဦးနှောက်ရွာတွင် စစ်တပ်က ပြည်သူ ၇၀ ကျော် ဖမ်းဆီးထားပြီး ၈ ဦးကိုပစ်သတ်

ပုလဲမြို့နယ် ဦးနှောက်ရွာတွင် စစ်တပ်က ပြည်သူ ၇၀ ကျော် ဖမ်းဆီးထားပြီး ၈ ဦးကိုပစ်သတ်

စစ်ကောင်စီက ရဟတ်ယာဉ် သုံးစီးဖြင့် ပစ်ခတ်တိုက်ခိုက်ကာ PDF ခေါင်းဆောင်ကို ဖမ်းဆီးရန် ကြိုးစားခဲ့သည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဦးနှောက်ရွာတွင် ပြည်သူ ၇၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေပြီး ရှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံ ပြောက်ကျားအဖွဲ့က ပြောသည်။

ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် Pale People Defence Force-Headquarters အဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါး ရှိကြောင်း သတင်းရ၍ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ရွာကိုဝိုင်းပြီး ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။

"လေယာဉ်နဲ့ပစ်ပြီး လူတွေတန်းချတော့ ရွာထဲကလူတွေက လွတ်တဲ့လူကလွတ်၊ ပိတ်မိတဲ့လူတွေက ပိတ်မိ သွားကြတာ။ ဦးနှောက်ရွာက မြေပြန့်ကြီး တောင်ကုန်းတွေ သိပ်မရှိဘူး။ လက်နက်ကိုင်သွားတာတွေ ဘာတွေ တွေ့တော့ သတင်းပေးလိုက်တယ်နဲ့ တူတယ်။ အဲ့မှာ နမခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်)က စစ်လေယာဉ်တွေ ရောက်လာတာ" ဟု Pale People Defence Force-Headquarters တာဝန်ရှိသူက ပြောသည်။

ယင်းနေ့တွင် ဗိုလ်နဂါးကို မတွေ့သည့်အတွက် ရွာသား ၇၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးကာ ရိုက်နှက် စစ်ဆေးခဲ့သည်ဟု သိရသည်။ ထိုသို့ စစ်ဆေးရာ ဇန်နဝါရီ ၁၀ ရက်နေ့က ရွာသား ငါးဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး နောက်ထပ် သုံးဦးကို ဇန်နဝါရီ ၁၁ ရက်က ပစ်သတ်ခဲ့သည်ဟု PPDF ထံက သိရသည်။

"ဖမ်းခံရတဲ့ အထဲ ကျွန်တော့် သူငယ်ချင်း အမေလည်း ပါတယ်။ တစ်ချို့ရွာသားတွေက အိမ်မှာမနေကြဘူး နွားတင်းကုတ်တို့ စပါးပုံတွေထဲမှာ သွားပုန်းနေကြပြီး လွတ်လာတဲ့ လူတွေရှိတယ်။ သူတို့ (ထွက်ပြေး လွတ်မြောက်လာသူတွေ )ပြောတာက တစ်ညလုံး ရိုက်နှက်စစ်တယ်။ အဝေးကြီးကတောင် အသံတွေ ကြားနေရတယ်တဲ့၊ သူတို့က ည ၂ နာရီလောက်မှာ ရွာစွန်ကနေ တိတ်တစ်ဆိတ် ထွက်လာပြီး တစ်ခြားရွာကို ပြေးပြီး လွတ်လာတာ။ သူတို့ပြောတာက မိပြီဆိုတာနဲ့ ကြိုးတုတ်ပြီး ရိုက်နှက်စစ်တာ၊ အိမ်တစ်အိမ် မီးရှို့ခံရတယ်၊ အိမ်ပိုင်ရှင်ကလည်း အဖမ်းခံရတယ်။ အိမ်ကိုမီးရှို့တာက လက်နက်တွေ တွေ့တယ် ပြီးတော့ PDF ကို ထောက်ပံ့ပါတယ်ဆိုပြီး ဖမ်းတာ၊ လက်နက်တွေလည်း မိသွားတယ်" ဟု ၎င်းကပြောသည်။

အဆိုပါ ရွာကို စစ်ကောင်စီတပ် စီးနင်းနေစဉ် ဇန်နဝါရီလ ၁၀ ရက် ညနေ ၃ နာရီ ၃၃ မိနစ်မှ ည ၈ နာရီ ၃၀ မိနစ်အထိ ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကန့်ဒေါင့်စခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...