ရန်ကုန်တွင် စစ်ဆင်ရေးများ အရှိန် မြှင့်မည်ဟု ပြောက်ကျားအဖွဲ့ဆို

ရန်ကုန်တွင် စစ်ဆင်ရေးများ အရှိန် မြှင့်မည်ဟု ပြောက်ကျားအဖွဲ့ဆို

ရန်ကုန်ရှိ စစ်ကောင်စီတပ်များနှင့် နောက်လိုက်များကို ပြောက်ကျားနည်းဖြင့် သော်လည်းကောင်း စစ်ဆင်ရေးဖြင့် သော်လည်းကောင်း အရှိန်မြှင့်၍ တိုက်ခိုက်တော့မည် ဖြစ်ကြောင်း ပြောက်ကျားအဖွဲ့တစ်ဖွဲ့မှာ တာဝန်ရှိသူက ပြောသည်။

စစ်ဆင်ရေးများ ဖော်ဆောင်သည့်အခါ အထိအခိုက် မရှိ အောင်မြင်စွာ လုပ်ဆောင်နိုင်ရေး ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်သားများ ရှိသည့် နေရာများကို လုံးဝ ရှောင်ကွင်းသွားရန်၊ စစ်ကောင်စီ တပ်သားများက ပြည်သူများကြား သွားလာ လှုပ်ရှားသည့်အခါတွင်လည်း ၎င်းတို့၏ အနီးအနားမှ ချက်ချင်း ရှောင်ခွာသွားရန် လိုအပ်ကြောင်း ဗမာ့နောက်ဆုံး တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ (B.F.R.A.F) က ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ တွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။

“စစ်ကောင်စီ တပ်တွေကြား ပြည်သူတွေပါ ရောယှက်သွားလာ နေတဲ့အတွက် ကျွန်တော်တို့ မိုင်းတွေချပြီး ဖောက်ခွဲမှု မပြုလုပ်နိုင်ခဲ့တာတွေ ရှိတယ်။ အဲ့တော့ ကုန်ကျစရိတ်တွေ ဆုံးရှုံးကုန်တယ်။ လူကြားထဲ တိုက်ခိုက်ပြန်ရင် စစ်တပ်က ရမ်းပြီးပစ်ရင် ပြည်သူတွေ ထိမှာ၊ အဲ့ဒါကြောင့်ပါ။ ဆိုလိုတာက ပြည်သူတွေ အနေနဲ့ စစ်ကောင်စီ တပ်တွေနဲ့ အဝေးဆုံးမှာ နေဖို့ပဲ” ဟု B.F.R.A.F အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်မြို့ရှိ နေရာအတော်များများ၌ စစ်ကောင်စီတပ်သားများ အထိနာသည့် ပေါက်ကွဲမှုများ ယခု ရက်သတ္တပတ်အတွင်း ဖြစ်ခဲ့သည့်အပြင် ရဲစခန်းများကို အဓိက ဦးတည်သည့် ပစ်ခတ် တိုက်ခိုက်မှု များလည်း ရှိလာခဲ့သည်။

ဇန်နဝါရီ ၄ ရက်နေ့ ညနေပိုင်းကလည်း တာမွေမြို့နယ်အတွင်း နေရာနှစ်ခု၌ ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အချို့ သေဆုံးခဲ့ကာ အဆိုပါ ညတွင်ပင် မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သာကေတနှင့် မရမ်းကုန်း မြို့နယ်တို့၌ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

ရွေပြည်သာ၊ လှော်ကား နယ်မြေရဲစခန်းကို Mayangone & Insein Youth Defence Joint Forces က ဇန်နဝါရီလ ၄ ရက် နံနက် ပိုင်းတွင် ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အ၀င်ပေါက်တွင် ကင်းစောင့် နေသော ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ထို့အတူ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် သင်္ဘောကျင်း ရဲစခန်းကို ဗုံးပစ်သွင်း တိုက်ခိုက်မှုကြောင့် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အနီးနေ ဒေသခံများ ထံက သိရသည်။

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် EPC ရုံးအတွင်းရှိ စစ်ကောင်စီ ကားပေါ်သို့ ဗုံးပစ်သွင်း တိုက်ခိုက်မှုတစ်ခု ဇန်နဝါရီ ၆ ရက် နေ့လယ်ပိုင်းကလည်း ဖြစ်ပွားခဲ့သည်။ ဇန်နဝါရီလ ၉ ရက်နေ့ ညနေပိုင်း ကလည်း တောင်ဒဂုံ (၂၂ )ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးသေဆုံးကာ ဒဏ်ရာ ရသူများလည်း ရှိခဲ့သည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင်မှု သာကေတမြို့နယ် ထူပါရုံ ရပ်ကွက် အထက (၁) ကျောင်းအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မြောက်ဥက္ကလာပ မြို့နယ်တွင်လည်း အဆိုပါညပိုင်းက ပေါက်ကွဲမှု ဖြစ်ခဲ့သည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...