ကော့ကရိတ်တွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေ

ကော့ကရိတ်တွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကေအန်ယူလက်အောက်ခံ KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ကော့ကရိတ်မြို့ဟောင်းနှင့် မိဂသိန်ကျေးရွာအနီး ကေအန်ယူတပ်မဟာ(၆)နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ဇန်နဝါရီ ၁၀ ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ရဟတ်ယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့ကြောင်း KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးမှပြောသည်။

"စစ်ကောင်စီတပ်က ရဟတ်ယာဉ်အသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်ပေါ့။ အဓိက စစ်ကြောင်းထိုးတဲ့အချိန်မှာ အကျများသွားတယ်။ အဲတာကို ပြန်ပြီးတုံ့ပြန်တဲ့အနေနဲ့ အခုလိုပြန်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်"ဟု ၄င်းမှပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့မှုကြောင့် မိဂသိန်ကျေးရွာရှိအတွင်းသို့ လက်နက်ကြီးကျည်များကျရောက်ခဲ့ကာ နေအိမ်(၁၀)လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု အမည်မဖော်လိုသည့်ဒေသခံတစ်ဦးမှပြောသည်။ မိဂသိန်ကျေးရွာသားများမှာ ထိုင်းနိုင်ငံနယ်စပ်ရှိ သောင်ရင်းမြစ်အနီးသို့ တိမ်းရှောင်နေခဲ့ရကြောင်းလည်း သိရသည်။

"တိုက်ပွဲဖြစ်ပြီးတော့မကြာဘူး ရဟတ်ယာဉ်တွေနဲ့ပစ်တော့တာပဲ။ အဲဒါလည်းပြီးရော အမြှောက်ပစ်သံတွေကြားရတယ်။ နောက်တော့ အိမ်တွေထိကုန်တာမနည်းဘူး။ အဲဒါတွေမီးလောင်ကုန်ပြီ"ဟု ၄င်းမှဆိုသည်။

ထိုသို့ပစ်ခတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုထားသည်ကို မတွေ့ရှိရသေးပေ။

ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူလက်အောက်ခံ KNLA ပူးပေါင်းအဖွဲ့ကြား ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ ၁၁ ဦးထိခိုက်ခဲ့ကာ အဘွားအိုတစ်ဦးသေဆုံးခဲ့သည်။

ထိုသို့တိုက်ပွဲများပြင်းထန်မှုကြောင့် ကော့ကရိတ်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်အထိရှိလာနေကာ ဆေးဝါးများအပါအဝင်စားနပ်ရိက္ခာများလည်း လိုအပ်မှုရှိနေကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှသိရသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...