ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်နေတာကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၉ ရက်နေ့ မနက် ၉ နာရီကျော်ခန့်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အာရှလမ်း အရှေ့ဘက်ကျေးရွာက ဒေသခံ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ကော့နွဲ့ကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာက ရွာသူရွာသား ၈ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့လူနေအိမ် ၂ ထက်မနည်း ထိခိုက်ပျက်ဆီးခဲ့ပါတယ်။
ဇန်နဝါရီလ ၈ ရက်နေ့ညမှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကမိုင်ကုန်းကျေးရွာ၊ ဘုန်းကြီးလမ်းထဲ ကျရောက်ပေါက်ကွဲပြီး ၂ ယောက်ထိခိုက်ဒဏ်ရာရကာ ၁ ဦးသေဆုံးသွားတာဖြစ်ပါတယ်။
"ဒီမနက်လဲ စကစ ဘက်က ပစ်တဲ့ လက်နက်ကြီးကျည်ကျ ပေါက်ကွဲပြီး အမျိုးသား ၂ ဦးဒဏ်ရာရသေးတယ်။ ညကလဲ ကမိုင်ကုန်းမှာ ကျည်ကျလို့ လူငယ်တစ်ဦးသေဆုံးပြီး နောက် ၂ ယောက်ဒဏ်ရာရသေးတယ်။ ဒေသခံတွေလဲ ကြောက်လန့်လို့ ပြေးတဲ့သူတွေရှိနေပြီး''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ ကော့ကရိတ် အခြေစိုက် အမှတ်(၉၇)အမြှောက်တပ်က နေပူခံကုန်းကတဆင့် လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာဖြစ်ပါတယ်။
ဇန်နဝါရီလ ၇ ရက်နေ့ညက မြဝတီကနေ ဆင်းလာတဲ့ ဆီသယ်ယာဉ်တစ်စီး ကျိုက်ဒုံ လမ်းခွဲအရောက်မှာ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်လာခဲ့တာပါ။
တိုက်ပွဲအခြေနေကြောင့် ကော့ကရိတ် အာရှလမ်း အရှေ့ဘက်ခြမ်း ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီလို့ သိရပါတယ်။







