စစ်အုပ်စု၏ ရက် ၁၀၀ စီမံချက် သက်တမ်းကုန်ဆုံးသော်လည်း အကျပ်အတည်းများသာ ပိုဆိုးလာ

စစ်အုပ်စု၏ ရက် ၁၀၀ စီမံချက် သက်တမ်းကုန်ဆုံးသော်လည်း အကျပ်အတည်းများသာ ပိုဆိုးလာ

စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက် မှာ ဇူလိုင်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သော်လည်း အကျိုးရလဒ်အနေဖြင့် ထူးခြား ပြောင်းလဲလာခြင်း မရှိသေးကြောင်း ပြည်သူများက သံလွင်တိုင်းမ်သို့ ပြောသည်။

အရပ်သားအုပ်ချုပ်သည့် အသွင်ဆောင်ရန် တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး ကိုယ်တိုင်ခန့်သမ္မတ ဖြစ်လာသည့် ဦးမင်းအောင်လှိုင်သည် အမည်ခံရွေးကောက်ခံအစိုးရတစ်ရပ်ကို ဖွဲ့စည်းကာ ဧပြီလ ၂၀ ရက်နေ့တွင် ရက် ၁၀၀ စီမံချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရက် ၁၀၀ စီမံချက်ထဲတွင် အာဏာသိမ်းမှု ငါးနှစ်ကျော်အတွင်း ဆိတ်သုန်းခဲ့ရသည့် ပြည်သူလူထု၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးများအပြင် လူမှုစီးပွားကို တိုက်ရိုက်အကျိုးပြုမည့် ပြန်လည် ကုစား ရေး အစီအစဉ်များကို မတွေ့ရှိခဲ့ရပေ။

ဦးမင်းအောင်လှိုင်က အစည်းအဝေးတက်တိုင်းတွင် ရွေးကောက်ခံအစိုးရအဖြစ် ကြွေးကြော်နေသလို ၎င်းတို့ အစိုးရ အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာ လျှောက်လှမ်းနေသည်ဟု အမြဲတစေ မိန့်ခွန်းခြွေလေ့ရှိသည်။

သို့သော် တစ်ဖက်တွင်မူ အာဏာသိမ်းကာလတစ်လျှောက် ပြည်သူများကို ချုပ်နှောင်ရန် လက်နက်သဖွယ် အသုံးချခဲ့သည့် နိုင်ငံရေးပုဒ်မများကို ပယ်ဖျက်ထားခြင်း မရှိသေးသလို သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍လည်း အာမခံချက်ပေး ပြောဆိုမှုများကို မတွေ့ရကြောင်း ISP-Myanmar က ဆိုသည်။

လေ့လာသူများကမူ ရက် ၁၀၀ စီမံချက်အတွင်း ပြည်သူလူထုအတွက် ထူးထူးခြားခြား ပြောင်းလဲသွားသည်ကို ဘာမျှမတွေ့ရသလို ဒီမိုကရေစီစံနှုန်းများမှာလည်း အပြောသက်သက်သာ ဖြစ်နေသဖြင့် အာဏာရှင်များ အုပ်ချုပ်နေသရွေ့ စစ်မှန်သည့် ဒီမိုကရေစီအခွင့်အရေးများ ရလာမည်မဟုတ်ကြောင်း ထောက်ပြကြသည်။

လုံခြုံမှုမရှိခြင်းကြောင့် ကိုယ့်ဒေသတွင်ပင် လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှား၍ အလုပ်လုပ်ကိုင်ရန် မရရှိဘဲ ဒုက္ခမျိုးစုံ ကြုံတွေ့နေရသဖြင့် ဤရက် ၁၀၀ အတွင်း အဆင်မပြေမှုများသာ ရှိနေကြောင်း မွန်ပြည် ဒေသခံတစ်ဦးက ပြောသည်။

“ဒီ ရက် ၁၀၀ မှာ အဆင်မပြေဘူးလေ။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ထပ်မြုပ်ဖို့ပဲ ရှိတာပေါ့။ အလုပ် လုပ်ဖို့ကလည်း နယ်မြေခံတွေ လွတ်လွတ်လပ်လပ် သွားလို့ မရဘူး။ ဆီဈေးနှုန်းက အဆမတန်လည်း တက် တယ်။ ဒီမှာကျတော့ ဒုက္ခအမျိုးမျိုးပဲလေ။”

ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူထားသည့် စစ်အုပ်စု လက်အောက်ခံ ပြည်ထောင်စုအဆင့် ဝန်ကြီး ဌာန ၃၁ ခုကို ဖွဲ့စည်းထားသော်လည်း ရက် ၁၀၀ စီမံချက်တွင် ပါဝင်သည့် မျှော်မှန်းချက်များသည် ဝန်ကြီးဌာန ၅ ခုနှင့်သာ သက်ဆိုင်နေကြောင်း ISP-Myanmar ၏ အချက်အလက်များအရ သိရသည်။

အဆိုပါ မျှော်မှန်းချက်များထဲတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တောင်သူများကို စိုက်ပျိုးစရိတ်နှင့် လယ်ယာသုံး စက်ကိရိယာအတွက် ချေးငွေတိုးမြှင့်ထုတ်ပေးခြင်း၊ ကျန်းမာရေးကဏ္ဍတွင် လူ့အစွမ်းအား အရင်းအမြစ် တိုးမြှင့်ခန့်အပ်ခြင်းနှင့် သူနာပြုသင်တန်းကျောင်းတွေ အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်သည်။

ပညာရေးတွင် တက္ကသိုလ်အချို့ကို သုတေသနအသားပေး စမ်းသပ်တက္ကသိုလ်အဖြစ် သတ်မှတ်ခြင်း၊ အခြေခံ ပညာကျောင်းများတွင် သင်ရိုးသစ်ထည့်သွင်းခြင်းနှင့် မူကြိုကျောင်းများ အဆင့်မြှင့်တင်ခြင်းတို့ ဖြစ်ကြသည်။

ထို့ပြင် အနီးစခန်းလေဆိပ် အဆင့်မြှင့်တင်ခြင်း၊ ဆိပ်ကမ်းသိုလှောင်ရုံများ ဦးစားပေးတည်ဆောက်ခြင်း၊ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းနှင့် ဆက်သွယ်ရေးမိုဘိုင်းစခန်းသစ်များကို တိုးချဲ့အဆင့်မြှင့်တင်ခြင်းတို့ လည်း ပါဝင်သည်။

တစ်ဖက်တွင် ကျေးလက်ဒေသ သောက်သုံးရေရရှိရေးနှင့် စိုက်ပျိုးရေးအတွက် ရေရရှိရေးကို ဆိုလာစနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေး ရန် ဖိတ်ခေါ်ထားသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကိုမူ လက်နက်ချအလင်းဝင်ခိုင်းရန်သာ လုပ်ဆောင်လျက် ရှိသည်။

အဆိုပါ စီမံချက်အများစုမှာ စစ်ယူနီဖောင်းချွတ်များ၏ ဦးဆောင်မှုအောက်တွင် ရက် ၁၀၀ အတွင်း အပြီးသတ် လုပ်ဆောင်နိုင်မည့် အခြေအနေတွင် မရှိဘဲ ရေရှည်လုပ်ဆောင်ရမည့် စီမံချက်များဖြစ်နေကြောင်း လေ့လာသူများ က ထောက်ပြကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “အုပ်ချုပ်မှုက တဖြည်းဖြည်းနဲ့ ဘာဖြစ်လာလဲဆိုတော့ ပိုပြီး အခြေအနေ ဆိုးလာတယ်။ ကုန်ဈေးနှုန်းကလည်း တဖြည်းဖြည်းနဲ့ တက်လာတယ်ဆိုတော့ ဒီရက် ၁၀၀ စီမံချက်က ဘာတွေ အောင်မြင်လဲဆိုတော့ ဘာမှ မအောင်မြင်ဘူးပေါ့နော်” ဟု ပြောသည်။

စစ်တပ်၏ အာဏာသိမ်းမှု အကျိုးဆက်ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး စသည့် ကဏ္ဍအစုံ ချွတ်ခြုံကျခဲ့ရသည့် မြန်မာနိုင်ငံတွင် အစိုးရအဖြစ် အသွင်ပြောင်းခဲ့သော်လည်း လက်ရှိတွင် တိုင်းပြည်မှာ ပြန်လည်နာလန်ထူနိုင်ခြင်း မရှိပေ။ လက်ရှိတွင် သွင်းကုန်များကို ကန့်သတ်ပိတ်ပင်မှုများ လုပ်ဆောင်လာသလို နယ်စပ်မှ ဝင်ရောက်လာသည့် ကုန်စည်များကိုလည်း စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးနေ ခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများ ခါးသီးစွာ ခံစားနေကြရသည်။

ထို့ပြင် စစ်အစိုးရ၏ စီမံခန့်ခွဲမှုအလွဲများကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို မထိန်းချုပ်နိုင်သလို ဒေသတစ်ခု ချင်းစီ၏ မတူညီသည့် ပထဝီအနေအထားကို မလေ့လာဘဲ ကုန်ထုတ်လုပ်နိုင်စွမ်းများကို တိုးမြှင့်ရန် ညွှန်ကြား နေခြင်းမှာလည်း မြေပြင်အခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်း ပြည်သူများက ဝေဖန်ကြသည်။

အစစအရာရာ ကုန်ဈေးနှုန်းမြင့်တက်နေမှုအပေါ် အောက်ခြေကို စနစ်တကျ လေ့လာဆန်းစစ်မှုမရှိဘဲ အပေါ်စီးမှ စီမံခန့်ခွဲမှုအမှားများကို ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ယခုထက် ပိုမိုဆိုးရွားလာနိုင်ကြောင်း စိုးရိမ်စွာ ပြည်သူများက ပြောသည်။

အခြား မွန်ဒေသခံတစ်ဦးကလည်း “အစစအရာရာ တက်နေတာ။ ကျနော်တို့ ဒေသမှာဆို ထိုင်းကုန်ပစ္စည်းတွေ ကန့်သတ်လိုက်တယ်။ အဲဒီအတွက် ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်တယ်။ မြေပြင်အနေအထားကိုလည်း မသိ ဘူး။ အောက်ခြေကိုလည်း စနစ်တကျ လေ့လာဆန်းစစ်မှုမရှိဘဲနဲ့ အပေါ်ကနေပြီးတော့ပဲ မိန့်ခွန်းတွေ ခြွေနေ မယ်ဆိုရင်တော့ အဆင်မပြေဘူး” ဟု ပြောသည်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ အမည်ခံရွေးကောက်ခံအစိုးရနှင့် လွှတ်တော်များ ပေါ်ပေါက်လာသော်လည်း အာဏာရှင်စနစ်၏ ယန္တရားမှာ အသွင်ပြောင်းကာ ဆက်လက်လည်ပတ်နေဆဲဖြစ်ရာ လက်နက်ကိုင်တော်လှန်ရေးကလည်း ဆက်လက် ရွေ့လျားနေဆဲ ဖြစ်သည်။

ထို့ပြင် စစ်တပ်၏ လက်လွှတ်ရသည့်နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန်အတွက် လူငယ်များကို လူသားဒိုင်း သဖွယ် အသုံးချသည့် မြေပြင်ထိုးစစ်များနှင့်အတူ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကိုပါ အရှိန်မြှင့် လုပ်ဆောင်နေသဖြင့် တိုင်းပြည်မှာ တည်ငြိမ်ရေးဆီသို့ ဦးတည်နိုင်ခြင်း မရှိသေးပေ။

တစ်ဖက်တွင်လည်း အရပ်သားအသွင်ပြောင်း စစ်အုပ်စုကို မိတ်ဖက်နိုင်ငံအချို့က လွှဲ၍ ကျန်သည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုကို မရရှိသေးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် ပြန်လည်ဝင်ဆံ့နိုင်ရန်မှာလည်း အလှမ်းဝေးနေဆဲ ဖြစ်သည်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...