ကော့ကရိတ်မှာ စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

ကော့ကရိတ်မှာ စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်နေတာကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့ မနက် ၉ နာရီကျော်ခန့်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အာရှလမ်း အရှေ့ဘက်ကျေးရွာက ဒေသခံ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ကော့နွဲ့ကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာက ရွာသူရွာသား ၈ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့လူနေအိမ် ၂ ထက်မနည်း ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့ညမှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကမိုင်ကုန်းကျေးရွာ၊ ဘုန်းကြီးလမ်းထဲ ကျရောက်ပေါက်ကွဲပြီး ၂ ယောက်ထိခိုက်ဒဏ်ရာရကာ ၁ ဦးသေဆုံးသွားတာဖြစ်ပါတယ်။

"ဒီမနက်လဲ စကစ ဘက်က ပစ်တဲ့ လက်နက်ကြီးကျည်ကျ ပေါက်ကွဲပြီး အမျိုးသား ၂ ဦးဒဏ်ရာရသေးတယ်။ ညကလဲ ကမိုင်ကုန်းမှာ ကျည်ကျလို့ လူငယ်တစ်ဦးသေဆုံးပြီး နောက် ၂ ယောက်ဒဏ်ရာရသေးတယ်။ ဒေသခံတွေလဲ ကြောက်လန့်လို့ ပြေးတဲ့သူတွေရှိနေပြီး''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြဝတီ-ကော့ကရိတ် အာရှလမ်းအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ ကော့ကရိတ် အခြေစိုက် အမှတ်(၉၇)အမြှောက်တပ်က နေပူခံကုန်းကတဆင့် လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာဖြစ်ပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့ညက မြဝတီကနေ ဆင်းလာတဲ့ ဆီသယ်ယာဉ်တစ်စီး ကျိုက်ဒုံ လမ်းခွဲအရောက်မှာ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်လာခဲ့တာပါ။

တိုက်ပွဲအခြေနေကြောင့် ကော့ကရိတ် အာရှလမ်း အရှေ့ဘက်ခြမ်း ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီလို့ သိရပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...