ပလက်ဝက စစ်ဘေးရှောင်စခန်းများတွင် ရိက္ခာပြတ်လပ်နေ

ပလက်ဝက စစ်ဘေးရှောင်စခန်းများတွင် ရိက္ခာပြတ်လပ်နေ
Photo Crd - Chin World Media
Photo Crd - Chin World Media

ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ စစ်ဘေးရှောင်စခန်းများ၌ ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့နေရသည်မှာ လက်ရှိတွင် သုံးပတ်ထိရှိနေပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

 

အဆိုပါစစ်ဘေးရှောင်စခန်းများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ အဓိကထောက်ပံ့နေခြင်းဖြစ်ပြီး ပုံမှန်ထောက်ပံ့ပေးနေသည့်စားနပ်ရိက္ခာများကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလဒုတိယအပတ်မှစ၍ မရရှိသေးကြောင်း သိရသည်။

 

ပလက်ဝမြို့ရှိ စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးရွှေစိန်မောင်က “ပုံမှန်ဆိုရင် ရိက္ခာက ၁၂ လပိုင်း ၁၈ ရက်နေ့ကနေ ရိက္ခာပေးရမှာ။ အခုကကြာနေပြီ။ ကျွန်တော်ကို ပြီးခဲ့တဲ့လ တတိယပတ်လောက်က WFP ကအကြာင်းကြားလာတာရှိတယ်။ သူတို့ကနေပြီးတော့ ရက်ပေါင်း ၂၀ စာပေးမယ်လို့ပြောတယ်။ နောက်နေ့ကတော့ မပေးဖြစ်တော့ဘူးလို့ဖုန်းဆက်ပြီး တစ်ပတ်လောက်ကြာမယ်လို့ပြောတယ်။ အခုဆိုရင် တစ်ပတ်တောင်မကကျော်နေပြီ”ဟု ပြောသည်။

 

ယင်းသို့ ဆန်ရိက္ခာဖြတ်တောက်နေရခြင်းမှာ ပလက်ဝသို့ ဆန်တင်ရန်အခက်အခဲရှိသည့်အတွက် ငွေသားပေးမည်ဟု WFP ဘက်မှ ဆက်သွယ်လာကြောင်း သိရသည်။

 

ဆက်လက်ပြီး ဦးရွှေစိန်မောင်က “ဘာကြောင့် မပေးဖြစ်လဲဆိုရင် ပိုက်ဆံပေးမယ်။ ဒီလမှာ ဆန်မရတော့ဘူး။ လမ်းပန်းဆက်သွယ်ရေးကြောင့် ဆန်မတက်နိုင်ဆိုပြီးတော့ ပိုက်ဆံပဲပေးတော့မယ်လို့ ဖုန်းဆက်ပြောတာ။ အခုက ပိုက်ဆံလည်းမရောက်ဘူး”ဟု ရှင်းပြသည်။

 

ထိုသို့ စစ်ဘေးရှောင်စခန်းများတွင် ရိက္ခာပြတ်လပ်နေသည့်အတွက် ဒုက္ခသည်များမှာ ကြုံရာကျဗန်းအလုပ်လုပ်ကိုင်လျက် စားသောက်နေရသည်ဟု ပလက်ဝမြို့ရှိ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ အမည်မဖော်လိုသည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

 

“ရိက္ခာ အကျန်တွေလည်းမရှိဘူး။ တစ်ရက်မှာ တစ်နပ်ကို (ဆန်)တစ်ဘူးပဲပေးတာလေ။ ကလေးတွေရှိတဲ့ အိမ်တွေဆိုရင် နည်းနည်းပါးပါးကျန်တယ်။ အဓိက WFP ကထောက်ပံ့တာ။ အခုဆိုရင် ဒုက္ခသည်တွေက ကြုံရာအလုပ်ကိုလုပ်ပြီး မငတ်ရအောင်စားနေရတယ်”ဟု ၎င်းကပြောသည်။

 

ပလက်ဝမြို့တွင် စစ်ဘေးရှောင်စခန်း ၅ ခုရှိပြီး စုစုပေါင်းစစ်ဘေးရှောင်ဦးရေ (၇)ထောင်ကျော်ရှိသည်။

 

အဆိုပါစစ်ဘေးရှောင်များမှာ ၂၀၁၈ နှစ်ကုန်လောက်ပိုင်းကစတင်ပြီး မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်အတွင်းမှ အောက်မီးလက်ဝ၊ ကင်းဝ၊ စိမ်းစင်း၊ တမန်းသား၊ ငပွီ စသည့်ကျေးရွာတို့မှ ပလက်ဝမြို့ပေါ်သို့လာရောက်ခှိုလှုံနေကြခြင်းဖြစ်ကာ လက်ရှိတွင် သုံးနှစ်နီးပါးကြာမြင့်နေပြီဖြစ်သည်။

 

လက်ရှိ စစ်ဘေးဒုက္ခသည်များ ရိက္ခာပြတ်လပ်မှုနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့ထံ DMG က ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာအတွင်းက စစ်ကောင်စီမှ စစ်ဘေးရှောင်များအား ထောက်ပံ့ငွေပေး၍ နေရပ်ပြန်ရန်လုပ်ဆောင်ပေးမှုများရှိသဖြင့် စစ်ဘေးရှောင်တစ်ချို့ နေရပ်ပြန်သွားသော်လည်း လက်ရှိတွင် စစ်ဘေးရှောင်စုစုပေါင်း (၆)ထောင်ကျော်ခန့် ကျန်ရှိနေသေးသည်။

 

Photo Crd - Chin World Media

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...