ရခိုင်ပြည်နယ်တွင် ဇာတ်ပွဲ၊ စတိတ်ရှိုးပွဲများကို တရားဝင်ခွင့်ပြုထားခြင်းမရှိသေး

ရခိုင်ပြည်နယ်တွင် ဇာတ်ပွဲ၊ စတိတ်ရှိုးပွဲများကို တရားဝင်ခွင့်ပြုထားခြင်းမရှိသေး

ရခိုင်ပြည်နယ်တွင် ကိုဗစ်လုံးဝပျောက်သွားသည့်အခြေအနေမဟုတ်သည့်အတွက် ဇာတ်ပွဲ၊ စတိတ်ရှိုးပွဲများကို တရားဝင်ခွင့်ပြုထားခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီက ပြောခွင့်ရသူက ပြောသည်။

စစ်ကောင်စီမှ ဦးစီးကျင်းပသည့်ပွဲများတွင် လူအကန့်အသတ်ဖြင့်ကျင်းပနေခြင်းဖြစ်ပြီး လက်ရှိတွင် လူဦးရေ ၂၀၀ အထိ စုဝေးခွင့်ပြုလိုက်သော်လည်း ဇာတ်ပွဲ၊ ရှိုးပွဲများကို တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

“အခုကတော့ လူနှစ်ရာခွင့်ပြုလာတာကြောင့် လူနှစ်ရာအထိစုနိုင်ပြီး၊ ဘာကြောင့်လဲဆိုတော့ ကိုဗစ်ရောဂါ ဖြစ်ပွားနှုန်းကျလာတာကြောင့် လူနှစ်ရာခွင့်ပြုတာဖြစ်တယ်။ အခုထိတော့ အများဇာတ်ပွဲတွေ၊ ရှိုးပွဲတွေကို တရားဝင်ခွင့်ပြုတာတော့ မရှိသေးပါဘူး။ ခွင့်ပြုတယ်၊မပြုဘူးဆိုတာကတော့ ရောဂါရဲ့အခြေအနေပေါ်မှာ မူတည်ပါတယ်”ဟု ၎င်းက သတင်းထောက်များကိုပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများနှင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုတို့ကြောင့် ဇာတ်သဘင်ပွဲများ မကျင်းပနိုင်သည်မှာ ၂ နှစ်ကျော်ခန့်ကြာမြင့်ခဲ့သည်။ ယင်းကဲ့သို့ မကျင်းပနိုင်သည့်အတွက် ဇာတ်သဘင် အဖွဲ့သားများမှာ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဇာတ်သဘင်လုပ်ငန်းရှင်များက ဆိုသည်။

ထို့ကြောင့် ကိုဗစ်စည်းကမ်းနှင့်အညီကျင်းပနိုင်ရန် ဖြေလျော့ပေးပြီး တရားဝင်ကျင်းပခွင့်ပြုစေလိုကြောင်း ရခိုင်ပြည်နယ်ဇာတ်သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးထွန်းမြင့်ကပြောသည်။

“တရားမဝင်ခွင့်မပေးဘူးဆိုတော့ တရားဝင်ခွင့်ပေးတာကိုတော့ လိုချင်တာပေါ့။ နေရာအားလုံးကို လွတ်လွတ်လပ်လပ်သွားရတာနဲ့ ကြောက်တဝက်လန့်တဝက်သွားနေရတာနဲ့တူမလား။ ဆိုတော့ ကျနော်တို့အနေနဲ့ ကောင်စီကိုစာတင်တာဖြစ်ဖြစ် လုပ်နိုင်တာအကုန် ဇာတ်အဖွဲ့တွေနဲ့တွေ့ပြီး လုပ်သွားပါမယ်”ဟု ၎င်းကပြောသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့က တန်ဆောင်တိုင်ပွဲတော်အတွက် စစ်တွေမြို့ဖျော်ဖြေမည့် စိန်ရွှေရတနာ ဇာတ်သဘင်မှာ ဇာတ်စင်ဆောက်ပြီးမှ ခွင့်ပြုချက်မရှိဟုတားမြစ်ခံခဲ့သည်။ ယင်းအပြင် တချို့ ဇာတ်အဖွဲ့များမှာလည်း ခွင့်ပြုချက်မပါသဖြင့် ဖျော်ဖြေရန်သွားရောက်စဉ် လမ်းခုလတ်မှ လှည့်ပြန်ခဲ့ရသည်များလည်းရှိကြောင်း သိရသည်။

ရခိုင်ပြည်တွင် တိုက်ပွဲများရပ်နားသွားချိန် ၂၀၂၁ ခုနှစ်က ဇာတ်သဘင်အဖွဲ့ ၁၁ ဖွဲ့ကို တည်ထောင်ခဲ့ကြပြီး စစ်ကောင်စီမှ ဇာတ်ပွဲ၊ စတိတ်ရှိုးပွဲများကျင်းပခွင့်မပြုသဖြင့် ဇာတ်သဘင်လောကသားများမှာ အခက်အခဲများ ကြုံတွေ့ရမည်ဖြစ်ကြောင်း ဇာတ်သဘင်လုပ်ငန်းလုပ်ကိုင်သူများက ဆိုကြသည်။

ထိုသို့ စစ်ကောင်စီမှခွင့်ပြုမထားသော်လည်း ရခိုင်ပြည်နယ်အတွင်းက ကျေးလက်ဒေသအချို့တွင် ဇာတ်ပွဲများနှင့် စတိတ်ရှိုးပွဲများကို ကျင်းပလျက်ရှိနေသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...