ရခိုင်ကမ်းရိုးတန်းဒေသတွင် ပလက်စတစ်အမှုန့်ပါဝင်မှု များပြားနေသည့်အပေါ် ပညာရှင်များသတိပေး

ရခိုင်ကမ်းရိုးတန်းဒေသတွင် ပလက်စတစ်အမှုန့်ပါဝင်မှု များပြားနေသည့်အပေါ် ပညာရှင်များသတိပေး

မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းများတွင် ရခိုင်ကမ်းရိုးတန်းဒေသ ပင်လယ်ရေထဲ၌ ပလတ်စတစ်အမှုန့် (Microplastics)ပါဝင်မှု ပိုမိုများပြားလာသည့်အပေါ် သတိပြုကြရန်လိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ပြောဆိုကြသည်။

၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံကမ်းရိုးတန်းဒေသကို လာရောက်သုတေသနပြုခဲ့သည့် နော်ဝေးနိုင်ငံမှ ဒေါက်တာ Fridtjof Nansen အဖွဲ့၏စစ်တမ်းအရ ရခိုင်ကမ်းရိုးတန်းဒေသတွင် ပလတ်စတစ်အမှုန့်ပါဝင်မှု ပိုမိုများပြားနေကြောင်း သုတေသနလုပ်ငန်းတွင်ပါဝင်ခဲ့သူ သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS- မြန်မာနိုင်ငံအစီအစဉ်) Marine Conservation Manager (Wildlife Conservation Society–WCS)မှ ဒေါက်တာသောင်းထွဋ်ကပြောသည်။

မြန်မာ့ကမ်းရိုးတန်းဒေသတွင် ပလတ်စတစ်ညစ်ညမ်းမှုကြောင့် တစ်စတုရန်းကီလိုမီတာမှာ Micro Plastic အမှုန့်ပါဝင်မှု ၂၈၀၀၀ ခန့်အထိရှိနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“သုတေသနပြုချက်အရဆို ရခိုင်ကမ်းရိုးတန်းက အခြားနိုင်ငံတွေနဲ့ပါ ရေစီးကြောင်းဆက်စပ်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ အခြားကမ်းရိုးတန်းတွေထက်ကို Micro Plastic ပါဝင်မှုပိုများနေတယ်”ဟု ဒေါက်တာသောင်းထွဋ်ကပြောသည်။

ယင်းအပြင် ရခိုင်ပြည်၏ပလက်စတစ်သုံးစွဲမှုမြင့်မားခြင်း၊ ဒေသခံများမှ ပင်လယ်အတွင်းအမှိုက်စွန့်ပစ်မှု၊ ငါးဖမ်းသင်္ဘေၤာများမှ ပင်လယ်အတွင်းအမှိုက်စွန့်ပစ်မှုများကြောင့် ရခိုင်ကမ်းရိုးတန်းရေပြင်တွင် Microplastics ပါဝင်မှု များပြားလာနေခြင်းဖြစ်နိုင်ကြောင်း ဒေါက်တာသောင်းထွဋ်ကသုံးသပ်သည်။

“ပင်လယ်ရေအောက်ထဲက အပင်ငယ်လေးတွေကို ငါးနဲ့ပုစွန်တွေက စားကြတယ်။ အဲဒီအပင်ငယ်လေးတွေမှာ Micro Plastic တွေရှိနေတာမို့ အစာကွင်းဆက်အရ ဒီငါးပုစွန်တွေကို လူတွေဘယ်လောက်အထိ စားသုံးပြီးပြီလည်းဆိုတာ သတိထားဖို့လိုတယ်”ဟု ၎င်းကပြောသည်။

မိုက်ခရိုပလတ်စတစ်မှာ ငါးမီလီမီတာအောက်ရှိသော ပလတ်စတစ်အပိုင်းအစများဖြစ်သည်ဟု US National Oceanic and Atmospheric Administration(NOAA)နှင့် European Chemicals Agency မှ ထုတ်ပြန်ချက် အရသိရသည်။

မြန်မာနိုင်ငံ ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(TCA) ဥက္ကဋ္ဌ ဒေါက်တာနန်းမြတ်ဟန်က နိုင်ငံတစ်ဝန်းရှိကျေးလက်ဒေသများတွင် အမှိုက်စွန့်ပစ်မှုစနစ်ကို စည်းစနစ်တကျ မဆောင်ရွက်နိုင်သေးဘဲ အစိုးရဘက်မှလည်း အမှိုက်စွန့်ပစ်မှုကို စည်းစနစ်ကျစွာ ကိုင်တွယ်ဆောင်ရွက်နိုင်ခြင်း မရှိကြောင်းပြောသည်။

“လူတွေက အမှိုက်တွေကို မြစ်တွေ၊ချောင်းတွေထဲ စွန့်ပစ်ကြတယ်။ ဒီလိုစွန့်ပစ်တဲ့အမှိုက်တွေထဲမှာ ပလတ်စတစ်တွေမပါဖို့ အတတ်နိုင်ဆုံး သတိထားဆောင်ရွက်ဖို့လိုပါတယ်။ ဒါကလည်း ကမ္ဘာမြေကြီးအတွက် အဆိပ်အတောက်တစ်ခုဖြစ်စေမယ်ဆိုတာကို သတိထားဖို့ပါ”ဟု ၎င်းကရှင်းပြသည်။

ပလတ်စတစ်များမှာ အချိန်ကြာမြင့်လာသည့်အခါတွင် သဘာဝ၏တိုက်စားချေဖျက်မှုကြောင့် သေးငယ်သည့် အမှုန့်များအဖြစ်ရောက်ရှိကာ Micro Plastic အဖြစ်ရောက်ရှိလာသော်လည်း ယင်းဖြစ်စဉ်ပြောင်းလဲမှု အချိန်ကာလကို အတိအကျမသိရှိရကြောင်းဆိုသည်။

“မိုက်ခရိုပလတ်စတစ်တွေက သေးငယ်တဲ့အမှုန်တွေအဖြစ် သဘာဝပါတ်ဝန်းကျင်ကို တိုက်ရိုက် ရောက်ရှိသွားတယ်။ ဥပမာအားဖြင့် တစ်ကိုယ်ရေသုံးပစ္စည်းတွေနဲ့ အလှကုန်ပစ္စည်းတွေမှာ  မိုက်ခရိုပလတ်စတစ်တွေ ပါဝင်လာတယ်။ ပြီးတော့ ကားမောင်းနေတုန်းမှာ ကားတာယာဘီးတွေကနေ ထွက်လာတဲ့အမှုန်တွေ၊ အဝတ်လျှော်တုန်းမှာ အဝတ်မှထွက်လာတဲ့ အမှုန်တွေဟာလည်း မိုက်ခရိုပလတ်စတစ်ဖြစ်ပေါ်လာစေတဲ့ တခြားသောအကြောင်းရင်းတွေဖြစ်တယ်”ဟု ဒေါက်တာနန်းမြတ်ဟန်က ရှင်းပြသည်။

အမေရိကန်၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ ရိုက်စ်တက္ကသိုလ်ကပြုလုပ်ခဲ့သော သုတေသနရလဒ်အရ မိုက်ခရို Micro Plastic ဟုခေါ်သည့် ပလက်စတစ်အမှုန်များ ကိုယ်ခန္တာထဲတွင် တဖြည်းဖြည်းများလာပါက ရောဂါပိုးကိုတိုက်ဖျက်သည့် ပဋိဇီဝဆေးဖြစ်သည့် ပိုးသတ်ဆေးများမှာ အစွမ်းမပြနိုင်တော့ကြောင်း သိရသည်။

ထို့အပြင် ပိုလီစတိုင်ရင်းဟုခေါ်သော ပလက်စတစ်များက လူသားများ၏ အစာချေလမ်းကြောင်းမှတစ်ဆင့် သွေးကြောများဆီသို့ဝင်ရောက်ခြင်းဖြစ်ပြီး Micro Plastic ခန္ဓာကိုယ်ထဲတွင်အများအပြားရှိသူမှ ရောဂါပိုးကူးစက်ခံရသည့်အခါ ရောဂါပိုးများက ပလက်စတစ်အမှုန်များအားအကာအကွယ်ယူပြီး ပိုးသတ်ဆေးများကို ပုန်းရှောင်နေနိုင်သည့်အတွက် ပိုသတ်ဆေးမတိုးနိုင်ခြင်းဖြစ်သည်။

ပိုးသတ်ဆေးများမှာ ၂၀ ရာစုအစပိုင်းမှစပြီး ယခုချိန်အထိ အဓိကကျသည့်ဆေးဝါးကုသနည်း တစ်ခုဖြစ်သည့်အတွက် ဆေးမတိုးတော့သည့်အချိန်တွင် နာမကျန်းဖြစ်သည့်အခါ ရောဂါပြင်းထန်မှုနှင့် အချိန်ကာလအားဖြင့် ရှည်ကြာမှုများဖြစ်နိုင်ကြောင်း ပညာရှင်အချို့က သုံးသပ်ထားကြသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...