ရခိုင်တွင် ကိုဗစ်ကူးစက်မှုကို အလေးထားဆောင်ရွက်ရန် အရပ်ဖက်အဖွဲ့အစည်းများ တိုက်တွန်း

ရခိုင်တွင် ကိုဗစ်ကူးစက်မှုကို အလေးထားဆောင်ရွက်ရန် အရပ်ဖက်အဖွဲ့အစည်းများ တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်းတွင် ကိုဗစ်ကူးစက်ခံရသူများ ထပ်မံတွေ့ရှိလာသဖြင့် တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ရန် အရပ်ဖက်အဖွဲ့အစည်းများမှ တိုက်တွန်းပြောဆိုကြသည်။

ရခိုင်တွင် ယခုနှစ် နိုဝင်ဘာလ ၃၀  ရက်နေ့မှ ဒီဇင်ဘာလ ၁၆ ရက်နေ့အတွင်း ကိုဗစ်ကူးစက်ခံရသူ ၃၇ ဦးအထိ တွေ့ရှိခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ကိုင်သူများနှင့် လေကြောင်းခရီးစဉ် လိုက်ပါမည့်သူများတွင် ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့သည်ဟု ပြည်နယ်ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ယင်းသို့ကိုဗစ်ကူးစက်မှုရှိလာခြင်းမှာ ကိုဗစ်စည်းကမ်းချက်များကို လိုက်နာမှုအားနည်းခြင်းကြောင့် ဖြစ်သည်ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဌ စောစံငြိမ်းသူက သုံးသပ်ပြောဆိုသည်။

“ကိုဗစ် ကူးစက်ပြန့်ပွားမှုဆိုင်ရာ တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက်မလုပ်နိုင်ခဲ့တဲ့အတွက် အခုလို ရောဂါကူးစက်ခံရသူများလာတာ။ ပြည်သူလူထု တစ်ယောက်ချင်းစီကလည်း လိုက်နာဆောင်ရွက်မှုအပိုင်းမှာ အခုအချိန်ထိ ပေါ့ဆမှုကရှိနေသေးတယ်။ ဒါကြောင့် အခုလိုရောဂါပိုးကူးစက်မှု ပြန့်ပွားလာတာဖြစ်တယ်လို့သုံးသပ်မိတယ်”ဟု ၎င်းကဆိုသည်။

ယခုဒီဇင်ဘာလ ၁ ရက်မှ ၁၆ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်မှ ကုန်သွယ်ပြီးပြန်လာသူများထဲမှ စက်လှေသမား ၁၅ ဦးမှာ ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး လေကြောင်းခရီးစဉ်ဖြင့်သွားလာမည့် ခရီးသည် ၁၁ ဦး ထံမှလည်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့သည်။

စစ်တွေမြို့မှ အသက် ၇၀ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း ယခုဒီဇင်ဘာလအတွင်း ကိုဗစ်ရောဂါကြောင့် အောက်ဆီဂျင်ကျ၍ သေဆုံးခဲ့သည်။ ယင်းသို့သေဆုံးသူမှာ ဆီးချို၊ သွေးတို ရောဂါအခံရှိသူလည်းဖြစ်သည်။

နိုဝင်ဘာလအတွင်းက စစ်တွေမြို့ ရွှေမင်းဂံကုန်သွယ်ရေးဆိပ်ကမ်းမှ စက်လှေသမား ၉ ဦးနှင့် လေကြောင်းခရီးစဉ်ဖြင့်လိုက်ပါမည့် ခရီးသည် ၂ ဦး စုစုပေါင်း ၁၁ ဦးထံတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်လည်း အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်ပိုးကူးစက်ခံရသူများ တွေ့ရှိထားသည်။

ယင်းကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ယခုထက်ပို၍ တင်းကျပ်စွာလုပ်ဆောင်သင့်ကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(AHCT)၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဇော်ထွန်းကပြောသည်။

"နယ်စပ်ကုန်သွယ်ရေးကို သေချာစောင့်ကြည့်ပြီးတော့ ကိုဗစ်ပိုးတွေ့လူနာတွေ တွေ့ရှိတယ်ဆိုရင် သတင်းချန်မထားဘဲ ပြည်သူလူထုကို သေချာချပြရမယ်။ ပြည်သူလူထုဘက်က လိုက်နာဆောင်ရွက်သင့်တဲ့ ကိစ္စကိုလည်းရှင်းပြရမယ်။ ထိန်းချုပ်တဲ့အခါမှာလည်း ဒေသခံ အဖွဲ့တွေ၊ တခြားအာဏာပိုင်အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီးတော့ သေသေချာချာကြပ်မတ်ဖို့လိုအပ်တယ်" ဟု ၎င်းကဆိုသည်။

ကိုဗစ်မျိုးကွဲဖြစ်သော ကူးစက်မြန် အိုမီခရွန်(Omicron)အပါအဝင် ကိုဗစ်နိုင်တင်းရောဂါပိုး ကူးစက်မှုမရှိစေရန် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ကို အဓိကထား စောင့်ကြည့်စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက DMG ကို ပြောကြားထားသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမင်းထည်ဝါက "အိမ်နီးချင်းထိစပ်နေတဲ့ နိုင်ငံတွေမှာလည်း (အိုမီခရွန်) ကိုဗစ်ပိုးတွေ့ရှိလာတဲ့အတွက် အဲဒီနေရာတွေမှာ အဝင်အထွက်လုပ်နေတဲ့လှေလုပ်သားတွေကို တာဝန်ရှိတဲ့သူတွေက ကြပ်မတ်စွာလုပ်ဆောင်ရင်တော့ အဆင်ပြေသွားမှာဖြစ်ပါတယ်" ဟု ပြောသည်။

ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၅၂၀၆  ဦး၊ သေဆုံးသူ ၅၀၁ ဦးရှိခဲ့ပြီး ကုသဆဲလူနာ ၂၂ ဦးရှိကြောင်း ရခိုင်ပြည်နယ် ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဒီဇင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် စာရင်းအရသိရသည်။

August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...
ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...