ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုကို စစ်ကောင်စီကရှာဖွေနေ၍ သတင်းထောက်များ တိမ်းရှောင်နေရ

ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုကို စစ်ကောင်စီကရှာဖွေနေ၍ သတင်းထောက်များ တိမ်းရှောင်နေရ

ရခိုင်ပြည်နယ်အခြေစိုက် "Western News"သတင်းဌာနကို စစ်ကောင်စီတပ်များက ရှာဖွေနေ၍ သတင်းထောက်များတိမ်းရှောင်နေရကြောင်း Western News သတင်းဌာနမှ တာဝန်ရှိသူများထံမှ သိရသည်။

ရဲတပ်ဖွဲ့ဝင်များအပါအဝင် သတင်းရဲတပ်ဖွဲ့(SB)ဟု ယူဆရသူများမှ နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် Western News သတင်းဌာန အခြေစိုက်ရာနေရာအား စစ်တွေမြို့ရှိရပ်ကွက်များတွင် စုံစမ်းမေးမြန်းမှုများရှိခဲ့ကြောင်း ယင်းသတင်းဌာနမှ သတင်းထုတ်ပြန်ထားသည်။

“စခန်းမှူးက ပထမဖုန်းဆက်တာပေါ့။ ညပိုင်းကျတော့ ရုံးမှာလူမရှိတော့ ဖုန်းကဒီအတိုင်းထားခဲ့တော့ တစ်ယောက်မှမကိုင်တာ။ ညပိုင်းကျတော့ စစ်တွေမြို့ရပ်ကွက်တွေမှာ Western News ရုံးရှိရာကိုလာရှာတယ်။ လူတွေကိုမေးတယ်။Western News ကဘယ်မှာလဲ။ ဘယ်မှာရှိလဲမေးတယ်ပေါ့”ဟု ၄င်းကပြောသည်။

Western News သတင်းဌာနမှ AA က ကျဆုံးခဲ့သည့် ဗိုလ်လောင်း ၈ ဦး၏ သတင်းရေးသားခဲ့သည်နှင့်ပတ်သက်၍ လာရောက်စုံစမ်းခြင်းဖြစ်သလို ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ ရေးသားခဲ့သည့်အပေါ် ယခုကဲ့သို့လာရောက်စုံစမ်းစစ်ဆေးမှုများလုပ်သည်ဟု ယူဆကြောင်း ယင်းသတင်းဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် Western News သတင်းဌာနမှ သတင်းထောက်များမှာ တိမ်းရှောင်နေရကြောင်း Western News သတင်းဌာနမှ အယ်ဒီတာချုပ်ကပြောသည်။

"စစ်သားတွေတောင် မနေ့ကရပ်ကွက်တွေမှာ လာရှာတယ်။မေးမြန်းတဲ့အထိ ရှိသွားတယ်ဆိုတာကတော့ မီဒီယာအပေါ်အရမ်းကို အကျိုးသက်ရောက်မှုတွေရှိသွားတာပေါ့။ ဘာကြောင့်လဲဆိုတော့ မီဒီယာထဲမှာလုပ်နေကြတဲ့ သက်တမ်းနုတဲ့သူတွေ ဒီအပေါ်စိုးရိမ်ထိတ်လန့်မှုဖြစ်သွားတာပေါ့။ ဒီမနက်မှာဆိုလို့ရှိရင် ကျွန်တော်တို့ရုံးကို ပိတ်ထားရတဲ့အနေအထားရှိသွားတာပေါ့"ဟု ၎င်းကပြောသည်။

မကြာသေးမီကလည်း Western News သတင်းဌာနမှ တာဝန်ရှိသူများကို နယ်/လုံနှင့် ပြည်နယ်ရဲမှူးတို့မှခေါ်ယူပြီး စစ်ကောင်စီဟုမသုံးနှုန်းရန် ခေါ်ယူသတိပေးမှုများရှိခဲ့ကြောင်း Western News သတင်းဌာနမှ အယ်ဒီတာချုပ်ကပြောသည်။

စစ်တွေမြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ရက္ခိုင့်တပ်တော်(AA)မှ ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း (၇)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ခဲ့သည့်အကြောင်းကို ရခိုင်အခြေစိုက်သတင်းဌာန(၂)ခုမှ ရေးသားဖော်ပြခဲ့ကြသည်။

နောက်ထပ် ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် Narinjara သတင်းဌာနမှလည်း “AA ဗိုလ်လောင်း ၈ ဦး အောက်မေ့ဖွယ်အခမ်းအနားစစ်တွေတွင်ပြုလုပ်”ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့မှုကြောင့် အဆိုပါသတင်းဌာနကိုလည်း SB ဟု ယူဆရသူများမှ လာရောက်စုံစမ်းမှုများရှိခဲ့ကြောင်း Western News သတင်းဌာန၏ ထုတ်ပြန်ချက်ကဖော်ပြသည်။

Narinjara သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ကိုမာန်ယုကျော်မူ "ဒီလိုမျိုးသတင်းတွေထွက်ခဲ့ပေမယ့် ကျွန်တော်တို့ရုံးမှာတော့ ဘာမှထူးခြားတဲ့ဖြစ်စဉ်မရှိခဲ့ပါဘူး။ ရှာဖွေစုံစမ်းခံရတာတွေလည်း ဘာမှမရှိခဲ့ပါဘူး"ဟု ပြောသည်။

ဆက်လက်၍ ကိုမာန်ယုကျော်က "သတင်းမီဒီယာတွေဆိုတာက ပြည်သူတွေရဲ့နားမျက်စိ ပြည်သူတွေသတင်းသိပိုင်ခွင့်ရရှိဖို့အတွက် ကျွန်တော်တို့ဖက်ကသတင်းအမှန်တွေကို ရေးသားထုတ်ဝေနေတဲ့အချိန်မှာ အခုလိုမျိုးအာဏာပိုင်တွေက ခြိမ်းခြောက်အကျပ်ကိုင်တာတွေဘာတွေကျတော့ မလုပ်သင့်ဘူးပေါ့။ ဒီလိုမျိုးလုပ်ခြင်းအားဖြင့် ပြည်သူတွေသတင်းသိပိုင်ခွင့်တွေကို ဆုံးရှုံးနစ်နာစေတယ်"ဟု ဆိုသည်။

ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သည့် ဦးမြင့်ကျော်က “ဒီအခြေအနေမှာတော့ ရခိုင်က မြန်မာနိုင်ငံကတစ်ခြားသောဒေသတွေနဲ့စာရင် သတင်းသမားတွေက ဖိအားနည်းနည်းလျော့တာပေါ့နော်။ သို့သော်လည်း အေအေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ သူတို့(စစ်ကောင်စီ)က ဒီထက်ပိုပြီးတော့ ခွင့်မပြုဘူးဆိုတဲ့သဘောမျိုးကို လက္ခဏာပြတယ်လို့ယူဆတယ်”ဟု သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ရာ လိုင်ဇာတွင် ဗိုလ်လောင်းသင်တန်းကျောင်းကို မြန်မာစစ်တပ်မှပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်ဗိုလ်လောင်း ၂၃ ဦးကျဆုံးခဲ့သည်။ ယင်းအထဲတွင် ရက္ခိုင့်တပ်တော်(AA)မှ ဗိုလ်လောင်း ၈ ဦး ပါဝင်ခဲ့သည်။

August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...