PDF ကိုငွေကြေးထောက်ပံ့သည့်စွပ်စွဲချက်နှင့် လူငယ်စာရေးဆရာမင်းဒီပါအား အကြမ်းဖက်ဥပဒေဖြင့်တရားစွဲ

PDF ကိုငွေကြေးထောက်ပံ့သည့်စွပ်စွဲချက်နှင့် လူငယ်စာရေးဆရာမင်းဒီပါအား အကြမ်းဖက်ဥပဒေဖြင့်တရားစွဲ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ငွေကြေးထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်နှင့် ဖမ်းဆီးခံထားရသည့် လူငယ်စာရေးဆရာမင်းဒီပါကို နိုဝင်ဘာလ ၁၂ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် မြောက်ဦးခရိုင်တရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး မြောက်ဦးမြို့ရဲစခန်းမှ ဒုရဲမှူးစိုးတင်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ အထက်တန်းရှေ့နေ ဒေါ်ပန်းအေးဇံက ပြောသည်။

“အကြမ်းဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့မှုရှိတယ်ဆိုပြီးတော့ အကြမ်းဖက်ဥပဒေပုဒ်မ- ၅၀(ည)နဲ့ တရားစွဲတာဖြစ်တယ်။ ကျွန်မတို့က ရှေ့နေကိုယ်စားလွှဲစာတင်ခဲ့တယ်ပေါ့”ဟု DMG သို့ ပြောသည်။

PDF နှင့်ဆက်စပ်မှုမရှိဘဲ ယခုကဲ့သို့ဖမ်းဆီးတရားစွဲဆိုခံထားရသဖြင့် နစ်နာမှုရှိကြောင်း လူငယ်စာရေးဆရာမင်းဒီပါ၏ အစ်ကိုဖြစ်သူ ကိုအောင်မြင့်က ပြောသည်။

“သူပြောပြတာက PDF နဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ပြောတယ်။ ပတ်သက်မှုမရှိတဲ့အတွက် ဒီအမှုကို အမြန်ဆုံးပြီးစေချင်တယ်။ ဒါမှမဟုတ် သူတို့ကိုအမြန်ဆုံးလွှတ်ပေးစေချင်တယ်။ သူတို့အတွက်နစ်နာတယ်။ မိသားစုအတွက်လည်းနစ်နာတယ်”ဟု DMG သို့ ပြောသည်။

အမှုကိုဆက်လက်စစ်ဆေးရန်အတွက် လာမည့်နိုဝင်ဘာလ ၂၆ ရက်နေ့ကို ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

PDF အဖွဲ့နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသည့် သံတွဲမြို့နယ်မှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့၏အမှုတွဲကိုလည်း နိုဝင်ဘာ ၈ ရက်နေ့က သံတွဲမြို့နယ်တရားရုံးသို့ တင်သွင်းထားကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးပြုလုပ်ရန်ချိန်းဆိုထားကြောင်းရှေ့နေထံမှ သိရသည်။

ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)ဖြင့် ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်မှတရားလိုပြုလုပ်ကာ အမှုတွဲတင်ထားခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့ကလည်း သံတွဲမြို့နယ်မှ ဒေသခံအမျိုးသမီးသုံးကို PDF အဖွဲ့အား ငွေကြေးထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့်ဖမ်းဆီးကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရခိုင်ပြည်အတွင်းမှဖမ်းဆီးခံထားရသူ ၆ ဦးရှိပြီး မြောက်ဦးမြို့နယ်မှ ၁ ဦးနှင့် သံတွဲမြို့နယ်မှ ၅ ဦးတို့ဖြစ်ကြသည်။

ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...