PDF သင်တန်းတက်လိုသူများ လူကုန်ကူးခံရသယောင် သတင်းအမှားကို ဓါတ်ပုံအတုဖြင့် ဖြန့်ဝေ

PDF သင်တန်းတက်လိုသူများ လူကုန်ကူးခံရသယောင် သတင်းအမှားကို ဓါတ်ပုံအတုဖြင့် ဖြန့်ဝေ

လူငယ်အယောက် ၅၀ ကို PDF သင်တန်းတက်ရမယ်လို့ လိမ်လည်ခေါ်ဆောင်ပြီး တစ်ဖက်နိုင်ငံသို့ လူကုန်ကူး ရောင်းချခံရတယ်ဆိုတဲ့ သတင်းတစ်ခုကို Thaw ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က နိုဝင်ဘာလ ၁၁ ရက် နေ့လည် ၁ နာရီ ၅၁ မိနစ်မှာ ဓာတ်ပုံတစ်ပုံနှင့်အတူ တပ်မတော် အမှန်တကယ် ချစ်သူများ Facebook Group မှာ ရေးတင်ထားတာကို တွေ့ရပါတယ်။

အဆိုပါ သတင်းဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Thaw ဆိုသူ အကောင့်ပိုင်ရှင် အသုံးပြုထားတဲ့ ဓာတ်ပုံဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ က ထိုင်းနိုင်ငံထဲကို ဝင်လာတဲ မြန်မာရွေ့ပြောင်း အလုပ်သမား တစ်ရာကျော်ကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စိုင် ယို့မြို့နယ်ထဲမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ ဓာတ်ပုံဖြစ်တယ်ဆိုတာကို စစ်ဆေးတွေ့ရှိရပါတယ်။

ဒါ့အပြင် Bangkok Post သတင်းဌာနကလည်း အဲဒီအကြောင်းကို ဓာတ်ပုံနှင့်တကွ သတင်းရေးသားထားတာကို တွေ့ရပါတယ်။

Bangkok Post သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/30eQ7Hn တွေ့နိုင်ပါတယ်။

ဒါကြောင့် Thaw ဆိုသူ အကောင့်ပိုင်ရှင် ရေးထားသလိုမျိုး လူငယ် ၅၀ ကို PDF သင်တန်းတက်ရမယ်လို့ လိမ် လည်ခေါ်ဆောင်ပြီး တစ်ဖက်နိုင်ငံသို့ လူကုန်ကူး ရောင်းချခံရတယ်ဆိုတာ သတင်းအမှန် မဟုတ်ပဲ သတင်းအမှား ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ယခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြပြီး သတင်းဌာနတွေက တင်တဲ့ သတင်းတွေနဲ့ အချက်အလက် တူညီ သယောင် ရေးသားမှုတွေရှိနေသလို ဓာတ်ပုံက ပြောချင်တဲ့ အကြောင်းအရာနဲ့ မကိုက်ညီတဲ့ ရေးသားမှုတွေနဲ့ လည်း ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက် သုံးစွဲသူ စာဖတ်ပရိတ်သတ်တွေအနေနဲ့ အခုလိုမျိုး ကာလမှာ သတင်းတွေကိုဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် ကိုယ့်ဖြန့်ဝေမယ့် သတင်းဟာ သတင်းဌာနတွေမှာ ရှိ/မရှိ တင်/မတင် သေချာစီစစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေပေးစေချင်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...