သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပေါ်ရှိ KNU လွှတ်ရှမ်းဂိတ်ကို မြန်မာစစ်တပ်ထိန်းချုပ်ထား

သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပေါ်ရှိ KNU လွှတ်ရှမ်းဂိတ်ကို မြန်မာစစ်တပ်ထိန်းချုပ်ထား
Photo - KNU ဂိတ်စခန်းတစ်ခု
Photo - KNU ဂိတ်စခန်းတစ်ခု

KNU ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်တွင် အောက်တိုဘာလ ၂၀ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပေါ်ရှိ KNU တပ်မဟာ ၆ ၏ လွှတ်ရှမ်းအကောက်ခွန်စစ်ဆေးရေးဂိတ်ကို မြန်မာစစ်တပ် ဝင်ရောက်ထိန်းချုပ်ထားလိုက်ကြောင်း စုံစမ်းသိရှိရသည်။

သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပေါ်ရှိ တောင်စွန်း ရှေ့တန်းယာယီအခြေစိုက်စခန်းမှ ခလရ (၂၈၃) တပ်ဖွဲ့အရာရှိတစ်ဦးနှင့်ရဲဘော်တချို့ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဥ်တစ်စီးအား သံပုရာနှင့် ခုံခံကျေးရွာအကြား မိုင်းဖောက်ခွဲ၍ပစ်ခတ်ခံရသဖြင့် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ပြီးနောက် မြန်မာတပ်ဖွဲ့စစ်ကြောင်းများ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲသို့ အင်အားအလုံးအရင်းဖြင့်ထပ်မံဝင်ရောက်လာကာ KNU တပ်စခန်းများကို ဦးတည်တိုက်ခိုက်လာနေကြောင်း ကရင်သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။

“လွှတ်ရှမ်းဂိတ်မှာ ဗမာစစ်တပ်ဝင်ထိုင်နေပြီ သံပုရာနဲ့ခုံခံအကြားမှာ တိုက်ပွဲစဖြစ်ပြီးကတည်းက ကျနော်တို့ကားသမားတွေ လုံခြုံရေးစိတ်မချလို့ အနန်းကွင်းလမ်းဘက်ကို မသွားရဲတော့ဘူး၊ ကြာအင်းဆိပ်ကြီးလမ်းကနေပဲ သွားကြပါတယ်၊ ဒါပေမယ့် အနန်းကွင်းလမ်းကနေ တချို့ကားတွေ သွားလာနေကြတာ ရှိပါတယ်၊ လမ်းပိတ်မထားပါဘူး” ဟု ဘုရားသုံးဆူ-သံဖြူဇရပ် စင်းလုံးငှား Taxi ကားမောင်းသမားတစ်ဦးက ပြောသည်။

အဆိုပါ လွှတ်ရှမ်းရွာ KNU လုံခြုံရေးအကောက်ဂိတ်တွင် လတ်တလော မြန်မာစစ်တပ်ဝင်ရောက်တပ်စွဲထားသော်လည်း နှစ်ဖက်စစ်ရေးပဋိပက္ခ တင်းမာမှုမရှိသေးကြောင်း Klo FM Media Agency Facebook စာမျက်နှာက သတင်းဖော်ပြထားသည်။

သို့ရာတွင် KNU ဘုရားသုံးဆူဆက်ဆံရေးရုံးနှင့် တပ်မဟာ ၆ တာဝန်ရှိပုဂ္ဂိုလ်များထံ မွန်သတင်းအေဂျင်စီက ဖုန်းဆက်သွယ်မေးမြန်းသော်လည်း ဖုန်းများပိတ်ထားကြသဖြင့် အဆိုပါဖြစ်စဥ်များကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့အတူ KNU အခြေစိုက်နယ်မြေဖြစ်သော လွှတ်ရှမ်း၊ တညင်၊ ဖားပြကျေးရွာအနီးတဝိုက်တွင်လည်းကောင်း၊  အနန်းကွင်းနှင့်တောင်စွန်းအကြားတွင်လည်းကောင်း လက်ရှိတွင် မြန်မာစစ်ကြောင်းများ ထိုးစစ်ဆင်လှုပ်ရှားလျက်ရှိရာ တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်နေကြသည့်ဒေသခံပြည်သူများ နေအိမ်များစွန့်ခွာရှောင်တိမ်းနေရကြောင်း သိရသည်။  

KNU တပ်မဟာ ၆ လှုပ်ရှားနယ်မြေ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တောင်ပိုင်းတွင်လည်း ယခုလဆန်းပိုင်းမှစ၍ မြန်မာစစ်တပ်နှင့် ဒေသခံ KNU တပ်ဖွဲ့အကြား တိုက်ပွဲငယ်များ နေ့စဥ်ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

 
 

 

 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...