အဆင့်မြင့်စျေးဝယ်စင်တာများအပြင် ရုပ်ရှင်ရုံးများပါဝင်မည့် May Yu Shopping Complex ကို သင်္ကြန်ကာလမတိုင်မီ ဖွင့်လှစ်မည်ဟုဆို

အဆင့်မြင့်စျေးဝယ်စင်တာများအပြင် ရုပ်ရှင်ရုံးများပါဝင်မည့် May Yu Shopping Complex ကို သင်္ကြန်ကာလမတိုင်မီ ဖွင့်လှစ်မည်ဟုဆို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်တွင် ဆောက်လုပ်နေသော အဆင့်မြင့်စျေးဝယ်စင်တာများပါဝင်မည့် May Yu Shopping Complex ကို လာမည့်သင်္ကြန်ကာလမတိုင်မီ ဖွင့်လှစ်သွားရန် ရည်ရွယ်ထားကြောင်း တည်ဆောက်ရေးကို တာဝန်ယူထားသည့် Western Shining Star ဆောက်လုပ်ရေးကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးတင်အောင်ဦးက DMG သို့ ပြောသည်။

အဆိုပါ Shopping Complex တွင် အဆင့်မြင့်ရုပ်ရှင်ရုံ၊ ခေတ်မီကလေးကစားကွင်း၊ စူပါမားကတ်၊ IT Shop များ၊ Gold Jewellery များ၊ Coffee Shop များ၊ Roof Top Garden Restourant၊ အစားအသောက်များစုံလင်စွာရရှိနိုင်သော Food Court နှင့် စားသောက်ဆိုင်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီဟာကိုလုပ်ရတဲ့အချိန်မှာ အစိုးရအဆက်ဆက်နဲ့ ညှိခဲ့ရတာတွေရှိတယ်။ အရင်စျေးဟောင်းက ဆိုင်ရှင်တွေနဲ့ ညှိနှိုင်းခဲ့ရတာတွေရှိတယ်။ ဒီတော့ ဒီလုပ်ငန်းကိုစပြီး ပဏ္ဍက်ရိုက်တာတောင်မှ ၂၀၁၇ လောက်မှ လုပ်နိုင်ခဲ့တယ်။ ပြီးတော့ ၂၀၁၇ စက်တင်ဘာလလောက်ကစပြီး အင်တိုက်အားတိုက်တည်ဆောက်တာတွေကိုလုပ်နိုင်ခဲ့တယ်” ဟု ၄င်းကဆိုသည်။

အဆိုပါ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂ နှစ်ခွဲအတွင်း အပြီးသတ်ဆောင်ရွက်ရန် ရည်ရွယ်ထားခဲ့သော်လည်း တိုက်ပွဲကာလ၊ ကိုဗစ်ကပ်ရောဂါကာလများကြောင့် လုပ်ငန်းမှာများစွာနှောင့်နှေးခဲ့ရကြောင်းကိုလည်း ဦးတင်အောင်ဦးကပြောသည်။

“လက်ရှိမှာဆိုရင်တော့ တည်ဆောက်မှုလုပ်ငန်းတွေက ၈၅ ရာခိုင်နှုန်းလောက်တော့ ပြီးနေပြီ။ ဒါပေမယ့် အချို့လိုအပ်တဲ့ ပစ္စည်းတွေကို ရှာမရတာ၊ ငွေစျေးမတည်ငြိမ်တာကြောင့် ပြီးစီးသင့်တဲ့အချိန်မှာ မပြီးစီးပဲဖြစ်နေရတာပါ” ဟု ၄င်းကဆိုသည်။

လက်ရှိတွင် စျေးဆိုင်ခန်းများမှာ ၉၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပြီး Shopping Mall မှာ ၈၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကာ ဆိုင်ခန်းများကြိုတင်ရောင်းချမှုတွင်လည်း ၆၀ ရာခိုင်နှုန်းခန့် ရောင်းချပြီးပြီဖြစ်ကြောင်းလည်း ၄င်းကပြောသည်။

“ဆောက်တဲ့အခါ Public သုံးလို့ရတဲ့နေရာတွေကို အများကြီးထည့်ပေးထားတယ်။ ဆိုင်ခန်းက အားလုံးပေါင်းမှ ဆိုင်ခန်းက ၃၀၀ ကျော်လောက်ပဲရှိတယ်။ ရုပ်ရှင်ရုံဆိုရင် နှစ်ရုံပါမယ်။ နောက်ပြီး စူပါမားကတ်တွေလည်းပါတယ်။ ကလေးကစားကွင်းတွေရောပေါ့။ ဒီအထဲက ဆိုင်ခန်းတွေကလွဲရင် ကျန်တဲ့နေရာတွေကိုရောင်းတာမဟုတ်ပဲ ငှားတာမျိုးပဲလုပ်သွားမှာပါ” ဟု ဦးတင်အောင်ဦးက ရှင်းပြသည်။

အဆိုပါ အဆင့်မြင့်စျေးကြီးကို စစ်တွေမြို့တွင် ဖွင့်လှစ်လိုက်ပါက စစ်တွေမြို့အတွက် မြို့အင်္ဂါကို ပိုမိုပြည့်စုံလာစေမည်ဖြစ်ကြောင်း စစ်တွေမြို့ မြို့မိမြိုဖ ဦးထွန်းသာစိန်ကဆိုသည်။

“လက်ရှိအချိန်အထိ စစ်တွေမြို့မှာ ရုပ်ရှင်ရုံတွေမရှိသေးဘူး။ ဒါတွေလည်းရှိလာမယ်၊ အဆင့်မြင့်စျေးဆိုင်တွေ ရှိလာမယ်ဆိုရင် ဒါဟာ ကောင်းတာပဲလေ။ အဲ့ဒီစျေးမှာ လူငယ်တွေလည်း အလုပ်အကိုင်တွေရလာနိုင်တာပေါ့။ ဒါဟာစစ်တွေမြို့အတွက် ကောင်းတဲ့အရာပဲပေါ့” ဟု ၄င်းကဆိုသည်။

အဆိုပါ May Yu Shopping Complex ကို  စစ်တွေဒေသခံ အများပိုင်ကုမ္ပဏီဖြစ်သည့် Western Shining Stars Public ကုမ္ပဏီနှင့် Golden Green ကုမ္ပဏီတို့က တာဝန်ယူတည်ဆောက်နေခြင်းလည်းဖြစ်သည်။

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...