ကသာမြို့ ဈေးသည် ၉ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးနေ

ကသာမြို့ ဈေးသည် ၉ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးနေ

စစ်ကိုင်းတိုင်း ကသာမြို့တွင်း ဒေသခံဈေးသည် ၉ ဦးကို အောက်တိုဘာလ ၈ ရက်ညနေပိုင်းက စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

"ရောက်ရောက်ချင်း အိမ်ကို ဝိုင်းပါတယ်။ ဖုန်းစစ်တယ် အိမ်ကိုရှာတယ်။ ဘာမှ မတွေ့ဘူးဆိုတော့ ခဏလိုက်ခဲ့ပေးပါဦး မေးစရာလေးရှိလို့ပါ ဆိုပြီး‌ ပြောတယ်။ ဖမ်းတာလားလို့မေးတော့ ဖမ်းတာမဟုတ်ပါဘူး မေးစရာရှိတာမေးပြီးရင် ပြန်လွတ်ပေးပါ့မယ်လို့တော့ ပြောပါတယ်" လို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ ခေါ်ဆောင်သွားခံရသူများမှာ စိန်လှိုင်ကိတ်ဆိုင်မှ ၁ ဦး၊ ကိုအီးတိန်ရွှေဆိုင်မှ ၁ ဦး၊ ဦးကိုကြီး အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ၁ ဦး၊ ဦးကောင်းစမ်းရေအေးတည်းခိုခန်းမှ ၁ ဦး၊ စိန်စမ်းမြင့် ငါးပွဲရုံမှ ၁ ဦး ၊ လှိုင်စာပေမှ ၁ ဦး၊ လင်းယုန်စာပေမှ ၁ ဦး၊ မြို့မမုန့်တိုက်ဘေး လယ်ယာပစ္စည်းအရောင်းဆိုင်မှ ၁ ဦး၊ ဟောင်ကောင်စတိုးဆိုင်မှ ၁ ဦးတို့ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ ယင်းဈေးသည် ၉ ဦးအား အမှတ် (၁) ရဲစခန်းတွင် အဖွဲ့လိုက် စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ၉ ဦးကို တိုင်ကြားသူများရှိသည့်အတွက် တိုင်းအဆင့်မှစာထုတ်ပြီး ဖမ်းခိုင်းခြင်းဖြစ်သည်ဟု ဒေသခံအချို့ထံမှ သိရသည်။

စစ်ကောင်စီမှ ယင်းဈေးသည် ၉ ဦးအား စစ်ဆေးမေးမြန်းပြီးပါက ပြန်လည်လွှတ်ပေးမည်ဟု ပြောဆိုထားကြောင်းလည်း သိရသည်။

"မေးစရာရှိတာ မေးပြီးရင် ပြန်လွှတ်ပေးမယ်လို့တော့ ပြောပါတယ်။ ပြီးတော့ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်ပေးတယ်။ ဒါပေမယ့် အကြာကြီးတော့ မရပါဘူး ရဲအစောင့်နဲ့ တွေ့ရတယ် စခန်းဝင်းအပြင်ကနေပဲ စကားလှမ်းပြောရပါတယ်" ဟု မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့ပြင် ယ‌နေ့ည ၈ နာရီဝန်းကျင် ကသာမြို့အမှတ် ၁ ရဲစခန်းအနီးတွင်ရှိသည့် မီးပွိုင့်အနီး ညကင်းစောင့်သည့် စစ်ကောင်စီတပ်များအား အမည်မသိ လူတစ်ချို့မှ လာရောက်ပစ်ခတ်သွားကြောင်းလည်း သိရသည်။

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...