မြောက်ဦးအကြောင်းရိုက်ကူးထားသည့် My Hidden City မှတ်တမ်းရုပ်ရှင်ကို ကမ္ဘာ့နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် ပြသပြီးဖြစ်

မြောက်ဦးအကြောင်းရိုက်ကူးထားသည့် My Hidden City မှတ်တမ်းရုပ်ရှင်ကို ကမ္ဘာ့နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် ပြသပြီးဖြစ်

ရခိုင့်ဘုရင့်ရှေးဟောင်းမင်းနေပြည်တော်ဖြစ်သော မြောက်ဦးအကြောင်းကိုရိုက်ကူးထားသည့် My Hidden City မှတ်တမ်းရုပ်ရှင်ကို ကမ္ဘာ့နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် ပြသထားပြီဟု သိရသည်။

အဆိုပါမှတ်တမ်းရုပ်ရှင်ကို ၂ဝ၁၈ ခုနှစ်၊ မေလမှ ယခုနှစ် မတ်လအထိ မြန်မာနိုင်ငံအပါအဝင် ပြင်သစ်၊ ဂျပန်၊ အမေရိကန်၊ ကိုရီးယား၊ စပိန်၊ အိန္ဒိယနိုင်ငံများနှင့်အတူ ကမ္ဘာ့နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် ပြသထားနိုင်ပြီဟု အဆိုပါရုပ်ရှင်တွင် အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် မြောက်ဦးမြို့မှ ရခိုင်အမျိုးသမီးငယ် မစောနန်းအိသျှင်က နိရဥ္စရာကို ပြောသည်။

“ရခိုင်ဆိုတာကို အခု နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ ပြတယ်ဆိုတော့ ကမ္ဘာ့နိုင်ငံ ၃၃ နိုင်ငံက ရခိုင်ဆိုတာ မြည်းကြည့်ခွင့်ရတယ်။ အဲဒီအပေါ်မှာတော့ သူတို့ကို ကျမတို့ရခိုင်ဆိုတာ ဒီလိုရှိပါတယ်။ မြောက်ဦးဆိုပြီးတော့ ပုန်းလျှိုးကွယ်လျှိုး ရှိနေတဲ့ မြို့တစ်မြို့ရှိတယ်ဆိုတာကို သူတို့ကို ချပြခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းသာမိတယ်။” ဟု ပြောသည်။

အဆိုပါမှတ်တမ်းရုပ်ရှင်ကို ရုပ်ရှင်ပြပွဲများ၌ ထည့်သွင်းပြသသလို နောက်ပိုင်းတွင် ကိုဗစ်ကပ်ရောဂါကြောင့် အွန်လိုင်းစနစ်ဖြင့်ပြသခြင်းများလည်းရှိသည်ဟု သိရသည်။

ယခုနှစ်၊ မတ်လနောက်ပိုင်းတွင် ကိုဗစ်ကပ်ရောဂါကြောင့် ဆက်လက်ပြသနိုင်ခြင်းမရှိတော့ဘဲ ယာယီရပ်တန့်နေရသည်ဟုလည်း သိရသည်။

အဆိုပါမှတ်တမ်းရုပ်ရှင်တွင် ရခိုင်တို့၏ရှေးဟောင်းသမိုင်းဝင် ဘုရင့်နိုင်ငံတော်ဖြစ်ခဲ့သည့်မြောက်ဦးမြို့အကြောင်း၊ မြောက်ဦးတွင်နေထိုင်သည့် ရခိုင်အမျိုးသမီးငယ် မစောနန်းအိသျှင်၏ ဆင်းသက်လာသည့်မျိုးနွယ်အကြောင်း၊ နောက်ပြီး သူမ၏ တစ်နေ့တာဖြတ်သန်းလှုပ်ရှားမှုအကြောင်းနှင့် မြောက်ဦးနှင့်ပတ်သက်သည့် ရိုးရာယဉ်ကျေးမှုဓလေ့များကို ရိုက်ပြထားသည်။

မြန်မာလူမျိုးဒါရိုုက်တာ ဝဏ္ဏကျော်နှင့် အမေရိကန်လူမျိုး ဒါရိုုက်တာ Mr Barry Pousman တို့ ပူးပေါင်း၍ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလတွင်စတင်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းနှင့် Mr Kimball Gallagher တို့က အဓိက ပံ့ပိုးပေးထားသည်ဟုလည်း သိရသည်။

ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း၏အတွင်းရေးမှူး ဒေါက်တာတင်မာအောင်က “အဓိကကတော့ မြောက်ဦးအကြောင်းကို ကမ္ဘာက သိသွားအောင်ပေါ့။ မြောက်ဦးဟာ ရခိုင်ရဲ့မြို့တော်ဖြစ်ပါတယ်။ ရခိုင်တွေနေခဲ့တယ်။ ပြီးတော့ ဗုဒ္ဓဘာသာနိုင်ငံတော်ဆိုတာကို ကျမတို့က Highlight လုပ်ချင်တယ်။ အဲဒါကို ကျမကလည်း သိစေချင်လို့ My Hidden City ကိုလုပ်တာပါ။” ဟု နိရဥ္စရာကို ပြောသည်။

အဆိုပါ ရုပ်ရှင်သည် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးနှင့် ရခိုင်ပြည်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တစ်ဘက်တစ်လမ်းက အထောက်အကူ ဖြစ်စေနိုင်လိမ့်မည်ဟု ယုံကြည်သည်ဟုလည်း ရုပ်ရှင်ဖန်တီးသူများက ဆိုသည်။

အဆိုပါမှတ်တမ်းရုပ်ရှင်၏ ပထမဆုံးထွက်ခဲ့သည့်ဗားရှင်းတွင် ၈ မိနစ်ကြာပြီး ဒုတိယဗားရှင်းတွင် ၁၈ မိနစ်ကြာမြင့်သည်ဟု သိရသည်။

အဆိုပါဗားရှင်းနှစ်ခုမှာ မြောက်ဦးနှင့်ပတ်သက်သည့် ကြော်ငြာသဘောမျိုး အမြည်းထွက်ရှိနေခြင်းသာဖြစ်ပြီး နောက်ပိုင်းတွင် မြောက်ဦးနှင့်ပတ်သက်ပြီး ပြီးပြည့်စုံသည့် မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်မြောက်အောင် ဖန်တီးသွားရန်ရှိသည်ဟုလည်း သိရသည်။

 
 

 

 

August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...