တရုတ် မြန်မာနယ်စပ် မူဆယ် နန်းတော်ဂိတ်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂၇၃ ဦး ဩဂုတ်လ ၃၀ ရက်နေ့က ပြန်လည်ဝင်ရောက်လာကြောင်း မူဆယ် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ကွန်ယက်မှ သိရသည်။
"၃၀.၈.၂၀၂၁ နန်းတော်ဂိတ်မှ မူဆယ်သို့ ပြည်တော် ပြန်ဝင်လာသူ ကျား ၁၅၆+ မ ၁၁၇" ဟု မူဆယ် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ယက်က အသိပေးကြေညာထားသည်။
Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေကြောင့် နယ်စပ် ဂိတ်ပေါက်အားလုံးကို တရုတ်နိုင်ငံဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ရာမှ နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူများနှင့် ပရဟိတ လူမှုကူညီရေးအသင်းများ ညှိနှိုင်းပြီး အခက်အခဲဖြစ်နေသည့် မြန်မာလုပ်သားများအတွက် နန်းတော် တရားဝင်ဂိတ်ပေါက်ကိုဖွင့်ပြီး တရုတ်ဘက်မှ အထွက်ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။
"မြန်မာပြည်ပြန်ချင်တဲ့ မြန်မာနိုင်ငံသားတွေအတွက် အထောက်အထားမရှိလည်း ပြန်ဖို့ဆောင်ရွက်ပေးနေတယ်" ဟု ရွှေလီရောက် မြန်မာနိုင်ငံသားတစ်ဦးကလည်း ပြောသည်။
ဇူလိုင်လ ၂၆ ရက်နေ့ နန်းတော်ပေါက် ဖွင့်ပေးခဲ့တာဖြစ်ပြီး အဆိုပါနေ့မှ ဩဂုတ်လ ၃၀ ရက်နေ့အထိ တရုတ်ဘက်ကနေ မြန်မာဘက်ကို နေရပ်ပြန်လာကြသော ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၈၂၇၇ ဦးရှိပြီဖြစ်သည်။
ထို့အပြင် တရုတ်နိုင်ငံဘက်ခြမ်းတွင် တရားဝင် ပုံမှန်အလုပ်နဲ့ ဝင်ငွေရှိနေသူများကလွဲလို့ ကျန်တဲ့ နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးသွားမည်ဟု အသိပေးစာ ထုတ်ပြန်ပြီးနောက် နန်းတော်တရားဝင်ဂိတ်ပေါက် မဖွင့်မီ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက အခြားခိုးပေါက်မှ နေရပ်ပြန်သွားသူများလည်း ရာချီရှိခဲ့သည်။
တရုတ်-မြန်မာ နယ်စပ် ကျယ်ဂေါင်၊ ရွှေလီ အပါအဝင် မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ တရုတ် နယ်စပ် တလျှောက်တွင် တရုတ် ကျန်းမာရေးဌာနက COVID-19 ကပ်ရောဂါကူးစက်မှု အမြင့်ဆုံးဇုံအဖြစ်သတ်မှတ်ကာ တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေသဖြင့် မကြာခဏ Lockdown ချပြီး လုပ်ငန်းများ ရပ်ဆိုင်းထားသောကြောင့် မြန်မာလုပ်သားများ အလုပ်လက်မဲ့ဖြစ်ကာ နေရပ်ပြန်ကြရခြင်းဖြစ်သည်ဟု သိရသည်။







