ယုဇနကုမ္ပဏီဝင်းရှိ စက်ပစ္စည်းအပိုင်းအစများကို စစ်ကောင်စီ ပြန်လည်ရောင်းချ

ယုဇနကုမ္ပဏီဝင်းရှိ စက်ပစ္စည်းအပိုင်းအစများကို စစ်ကောင်စီ ပြန်လည်ရောင်းချ

လီဒိုလမ်းမပေါ် ဘန်ကောက်ကျေးရွာရှိ ယုဇနကုမ္ပဏီဝင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ထိုနေရာတွင် ကျန်ရှိခဲ့သော စက်ယန္တရားအပိုင်းအစများကို အာဏာသိမ်းစစ်တပ်က ငွေကျပ် သိန်းရာချီဖြင့် ရောင်းချလိုက်ကြောင်း သိရသည်။



ယုဇနကုမ္ပဏီဝင်း ဖျက်ဆီးခံရပြီးနောက် အဆိုပါနေရာရှိ ပိုင်ဆိုင်မှုများကို ရယူခြင်းမပြုရန် KIO က သတိပေးထုတ်ပြန်ထားသည့်ကြား ရှဒူးဇွပ်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ ၂၉၇ တပ်ရင်းက သိန်း ၅၀၀ အထက်ဖြင့် ရောင်းချလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။



“ရှဒူးဇွပ် ခလရ ၂၉၇ တပ်ရင်းက လုပ်ငန်းရှင်တွေကို ရောင်းချလိုက်တယ်လို့သိရတယ်။ အခုဆိုရင် ယုဇနကုမ္ပဏီဝင်းမှာ ဘာမှမကျန်တော့ဘူး။ ကုမ္ပဏီဝင်းက မီးရှို့ပျက်စီးပြီး ကျန်ရှိနေသေး သံတိုသံစအကုန်လုံး လေလံယူတဲ့ လုပ်ငန်းရှင်တွေက အကုန်ဖြုတ်ပုံထားပြီး သယ်ယူနေကြတယ်။ အခုဆို ဘာမှမကျန်တော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။



အမည်မဖော်လိုသော ဒေသခံတစ်ဦးပြောဆိုချက်အရ စက်ပစ္စည်းအပိုင်းအစ လာရောက်ဝယ်ယူသော လုပ်ငန်းရှင်များတွင် နေပြည်တော်မှ လာရောက်သူအချို့ ပါဝင်သည်ဟုလည်း သိရသည်။



ပြီးခဲ့သည့်မေလက ယုဇနကုမ္ပဏီဝင်းကို KIA က မီးရှို့ဖျက်ဆီးလိုက်ပြီးနောက် ထိုနေရာတွင် သံတိုသံစသွားကောက်သော ရှဒူးဇွပ်ဒေသခံပြည်သူများကို ခလရ ၂၉၇ တပ်ရင်းက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။



ယုဇနကုမ္ပဏီဝင်းကို ဧပြီလ ၁ ရက်နေ့တွင် KIA တပ်ရင်း ၁၄ တပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီဝင်းရှိ စက်ယန္တရားများနှင့် ဂိုဒေါင်များ၊ အုပ်တံတိုင်းများကို မေလ ၁၉ ရက်နေ့ည ဒုတိယအကြိမ် သွားရောက်ဖျက်စီးခဲ့ခြင်းဖြစ်သည်။



ယုဇနကုမ္ပဏီကို KIA က ဖျက်ဆီးလိုက်သော်လည်း ကုမ္ပဏီရှိ ဝန်ထမ်းများမှာ ထိုနေရာတစ်ဝိုက်တွင်သာ အခြေချနေထိုင်လာသောကြောင့် ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဒေသခံများနှင့် ပြဿနာ တစ်စုံတစ်ရာဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်ကြောင်း ဝါရာဇွပ်ဒေသခံတစ်ဦးက ယခုလို ပြောဆိုသည်။



“ယုဇနကုမ္ပဏီတော့ လုံးဝမရှိတော့ဘူး။ ဒါပေမယ့် အဲ့မှာအလုပ် လုပ်ခဲ့တဲ့ အလုပ်သမားတွေက မပြန်ကြသေးဘူး။ ယုဇနကုမ္ပဏီနဲ့ နီးတဲ့နေရာမှာဘဲ တဲထိုးပြီးနေကြတယ်။ တစ်ချို့က ဒေသခံတွေနေတဲ့ ကျေးရွာတွေမှာ ရွှေ့ပြောင်းနေထိုင်ကြတယ်။ ဒီလိုသာဆိုရင် ရေရှည်မှာ ပြဿနာပြန်ဖြစ်လာဖို့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒီဒေသမှာ အခြေချနေထိုင်ဖို့အထိ လုပ်လာတဲ့သူတွေရှိတယ်။ ဒါကို ကျနော်တို့ ဒေသခံတွေက မလိုလားဘူး” ဟု ပြောဆိုသည်။



ယုဇနကုမ္ပဏီထွက်ခွာသွားခဲ့ပြီးနောက် ယုဇနကုမ္ပဏီပိုင်ဆိုင်သော မြေယာနှင့် ပစ္စည်းများကို ဦးယူပိုင်ဆိုင်ရယူခြင်းမပြုလုပ်ရန် KIO အနောက်ပိုင်း ခရိုင်အုပ်ချုပ်ရေးရုံးက ပြီးခဲ့သော ဇွန်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သတိပေးမှုလည်း ရှိခဲ့သည်။



ထို့ပြင် ယုဇနကုမ္ပဏီနှင့် ဆက်စပ်ခဲ့သော ပစ္စည်းများအပါအဝင် လယ်ယာမြေများကို KIO က ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကာ ခွင့်ပြုချက်မရဘဲ ခွဲဝေမှုများမပြုလုပ်ကြရန်နှင့် တွေ့ရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။



၂၀၀၆ ခုနှစ် ဦးသန်းရွှေ စစ်ခေါင်းဆောင်လက်ထက်ကတည်းက ဟူးကောင်းဒေသခံ ဌာနေသားများ၏ မြေဧက ၂ သိန်းကျော်ကို ယုဇနကုမ္ပဏီက သိမ်းယူကာ လုပ်ကိုင်လာခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကတည်းက ယုဇနကုမ္ပဏီနှင့် ဒေသခံပြည်သူများကြား မြေယာပြဿနာ ပုံမှန်ဖြစ်ပေါ်ခဲ့သည်။



၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် KIO က စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီကို ဖျက်ဆီးရှင်းလင်းခဲ့သည်။

 
 
 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...