စစ်ပွဲကြောင့် ကောင်းလုံနဲ့ နမ်ဟာဒေသခံ ၆၀၀ ကျော် မုံးကိုးမြို့သို့ ထွက်ပြေးလာ

စစ်ပွဲကြောင့် ကောင်းလုံနဲ့ နမ်ဟာဒေသခံ ၆၀၀ ကျော် မုံးကိုးမြို့သို့ ထွက်ပြေးလာ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်၊ ကောင်းလုံ ကျေးရွာအုပ်စု၊ နမ်ဟာရွာဘက်တွင် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့ကြား ယနေ့ နံနက်ပိုင်းကစတင်ပြီး တိုက်ပွဲပြင်းထန်လာတာကြောင့် နမ်ဟာနဲ့ ကောင်းလုံဒေသခံ ၆၀၀ ကျော် မုံးကိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဘယ်နှယောက်သေတာ ဘယ်လောက်ပျက်စီးတာက အတိအကျမသိရသေးဘူး။ အဲလောက်ပဲ မြင်ခဲ့တာ။ မြန်မြန်ပြေးလာခဲ့လို့။ ရွာမှာ အလောင်းတွေတောင် ဘာမှမလုပ်ရသေးဘူး။ ပြန်ပြီး သွားရှင်းရအုံးမှာ။ အခြေအနေကြည့်ပြီး ငြိမ်ရင်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ထွက်ပြေးလာသော ကောင်းလုံ ကျေးရွာသားအများစုမှာ မုံးကိုး ကချင်ဘုရားကျောင်းဝင်းတွင် ခိုလှုံနေကြပြီး၊ နမ့်ဟာဒေသခံများမှာ မုံးကိုးရှိ ဆွေမျိုးအသိအိမ်များနှင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြကြောင်း သိရသည်။

ယနေ့နံနက် တိုက်ပွဲဖြစ်ပွားခဲ့သောနေရာမှာ ကောင်းလုံရွာနဲ့ နမ်ဟာရွာအနီးတွင်ဖြစ်ပြီး မုံးကိုးမြို့မှ ၅ မိုင်ခန့်သာ ကွာဝေးသည်။

“လမ်းလျှောက်ဆင်းလာတာ ၂ နရီ လောက်ကြာတယ်။ တချို့က ဆိုင်ကယ်နဲ့လာခဲ့ကြတယ်။ ကြောက်လန့်တကြား လောလောနဲ့ ဘာမှမပါလာဘူး။ အစားအသောက်နဲ့ စောင်တွေလိုမယ်ထင်တယ်။ အခြေအနေ မသိရသေးတော့ ဘာမှမသိသေးဘူး။ လူဦးရေက အတိအကျ မသိသေးဘူး။ ခုမှ လုပ်နေတုန်း” ဟု လက်ရှိ စစ်ရှောင်များကို စီမံခန့်ခွဲနေသူတစ်ဦးက ပြောပါသည်။

ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ကြား တိုက်ပွဲကြောင့် နမ့်ဟာရွာ အိမ်တစ်အိမ်တွင် လက်နက်ကြီးကျည်ကရောက်ပြီး မိသားစုဝင် ၄ ဦး သေဆုံးခဲ့သည်။

၎င်းတို့မှာ အသက် ၃၂ နှစ်အရွယ် အိုက်အူး၊ အသက် ၁၀ နှစ် မောင်အောင်ခိုင်၊ ၆၃ နှစ်အရွယ် ဒေါ်အီမောန်းနှင့် ၈၂ နှစ်အရွယ် ဒေါ်အီမိုးတို့ဖြစ်သည်။

လက်ရှိ ထွက်ပြေးနေရသော ကောင်းလုံကျေးရွာတွင် အိမ်ခြေ ၂၇ အိမ်ရှိပြီး လူဦးရေ ၆၀ ကျော်ရှိသည်။ နမ့်ဟာကျေးရွာမှာ အိမ်ခြေ ၁၀၃ အိမ်ရှိပြီး လူဦးရေ ၅၅၈ ဦးရှိသည်။

မုံးကိုးမြို့သို့ ခြေလျှင်ဖြင့် ထွက်ပြေးလာရသောကြောင့် လမ်းမလျှောက်နိုင်သော အသက်ကြီးပိုင်းအချို့ ကျေးရွာတွင် ကျန်ခဲ့သည်ဟု ဆိုသည်။

ဇူလိုင် လဆန်းကတည်းက မုံးကိုးဒေသတွင် စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် ထောင်းဆိုင်၊ မန့်ယန်၊ ဘန်မွေ စသည့် ဒေသခံ ၁၉၀ ကျော် တရုတ်နယ်စပ်လောက်တဲန့်ဘက်တွင် စစ်ရှောင်နေရဆဲဖြစ်သည်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...