ဝိုင်းမော်ဒေသခံတစ်ဦး ခလရ ၅၈ တပ်ရင်းအနီး ပစ်သတ်ခံထားရ

ဝိုင်းမော်ဒေသခံတစ်ဦး ခလရ ၅၈ တပ်ရင်းအနီး ပစ်သတ်ခံထားရ

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းအနီးတွင် ယနေ့ နံနက်ပိုင်းက မဒိန့်ဒေသခံတစ်ဦး ပစ်သတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

"မဒိန့်၊ ခကွမ် ဒီအနားတစ်ဝိုက်ကပြည်သူတွေ နောင်းချူးဘက်ကို လယ်လုပ်ကြတာဟုတ်တယ်။ အဲလယ်ဘက်ကိုသွားဖို့ဆိုရင် (၅၈) တပ်ကို ဖြတ်ပြီး သွားရတယ်။ အဲဒါဒီမနက်တော့ (၅၈) နောက်ဘက်နားမှာ သေနတ်ထိမှန်ပြီး သေဆုံးနေတာတွေ့ရတယ်တဲ့" ဟု ဒေသခံတစ်ဦးက ပြောသည်။

မဒိန့်‌ရွာမှ ဦးလုံဘန်ခေါဇုံး ဆိုသူသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို  စစ်ကောင်စီ ခလရ (၅၈) တပ်ရင်းနား ယနေ့နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ကာ ယမန်နေ့ညက ပစ်သတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

လက်ရှိ အဆိုပါရုပ်အလောင်းအား ဆေးရုံသို့ပို့ဆောင်ထားကာ ဩဂုတ်လ ၂၉ ရက်နေ့ သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်ကလည်း ခလရ ၅၈ တပ်ရင်းမှ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ခဲ့သောကြောင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ တန်ဘောင်၊ မဒိန်နှင့် ခကွန်စသော ကျေးရွာများတွင် လက်နက်ကြီးကျမှန်ခဲ့ကာ နေအိမ်အချို့ ပျက်စီးခဲ့သည်။

အလားတူ ယနေ့ နေ့လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အသက် (၂၀) အရွယ်ခန့်ရှိသည့် လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။

ခလရ (၅၈) တပ်ရင်းတွင် ဇူလိုင်လ ၂၉ ရက်ည ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အဆိုပါစစ်တပ်သည် တိုက်ပွဲမဖြစ်သော်လည်း ပုံမှန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မူများ ပြုလုပ်လျှက်ရှိသည်။

ထို့သို့ ကျေးရွာအတွင်း လက်နက်ကြီးများကျမှန်ခဲ့သောကြောင့် ဒေသခံတစ်ချို့မှာ ဝိုင်းမော်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

ထို့ပြင် ဩဂုတ်လ ၇ရက်ညကလည်း ခလရ (၅၈) တပ်၏ ပစ်ခတ်မူကြောင့် ဝူယန်ကျေးရွာမှ အမျိုးသမီးသေဆုံးခဲ့ကာ ပြည်သူများ၏ နေအိမ်များလည်း ပျက်စီးဆုံးရှုံးမူများရှိခဲ့သည်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...