ဖမ်းဆီးခံထားရသော နောင်မွန် ခရစ်ယာန်ဓမ္မဆရာတော် ၃ ပါးအမှုကို စစ်ဆေးခြင်း မပြုလုပ်ရသေး

ဖမ်းဆီးခံထားရသော နောင်မွန် ခရစ်ယာန်ဓမ္မဆရာတော် ၃ ပါးအမှုကို စစ်ဆေးခြင်း မပြုလုပ်ရသေး

ပူတာအိုခရိုင် နောင်မွန်မြို့ စစ်ကောင်စီမှ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲကာ ဖမ်းဆီးထားသော ခရစ်ယာန်ဓမ္မဆရာတော် ၃ ဦးအမှု ၂လခန့်ကြာမြင့်လာသော်လည်း လက်ရှိအချိန်အထိ စစ်ဆေးခြင်း မပြုလုပ်ရသေးကြောင်း သိရသည်။

ကချင်ဓမ္မဆရာ ၃ ဦးကို ပြီးခဲ့သော မေလ ၂၈ ရက်နေ့ အမှုရင်ဆိုင်ရန်ဟုဆိုကာ နောင်မွန်မြို့မှ ပူတာအိုမြို့သို့ ရဲကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လက်ရှိအချိန်အထိ အမှုစစ်ဆေးမှုများ မပြုလုပ်သေးဘဲ ပူတာအိုအကျဉ်းထောင်တွင် အကျဉ်းချထားကြောင်း နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“၂ လပြည့်တော့မယ် အကန့်အသတ်မရှိ အခုချိန်အထိ အမှုမစစ်နိုင်သေးဘူး။ အမှုကိုဒီတိုင်း ဆွဲဆန့်ထားတယ်လို့ဘဲမြင်တယ်။ ရုံးချိန်းထားပေမယ့် အမြဲရွှေ့ဆိုင်းလိုက်တယ်။ ဘယ်အချိန် စစ်ဆေးမှုပြီးမလဲ မသိသေးတဲ့အခြေမနေပေါ့လေ” ဟု ပြောဆိုသည်။

ဖမ်းဆီးခံထားရသည့် ဆရာတော် ၃ ပါးမှာ သိက္ခာတော်ရ ဆရာတော် ဂိုရှန်ဆင်ဆားရ် (နှစ်ခြင်းခရစ်ယာန်အသင်းတော်)၊ သိက္ခာတော်ရ ဆရာတော်ဇဂေါန်ထီန (ခရစ်တော်၏ အသင်းတော်)၊ သိက္ခာတော်ရဆရာတော် မဟောင်ဒီ (ရဝမ်နှစ်ခြင်းအသင်းတော်) တို့ဖြစ်ကြသည်။

၎င်းတို့မှာ ကျန်းမာရေးချို့တဲ့သူများဖြစ်သည့်အတွက် အမြန်ဆုံးလွှတ်မြောက်ပေးရန်လည်း ဆက်လက်တောင်းဆိုထားသည်။

“အမြန်ဆုံးလွတ်ပေးဖို့ဘဲပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ၃ ယောက်စလုံးက ကျန်းမာရေးမကောင်းကြဘူး။ KBC အသင်းတော်က ဆရာဆိုရင် လေဖြတ်နေတာ ၃ နှစ်လောက်ရှိပြီ။ RBC အသင်းတော်ဆရာလည်း အသက်ကြီးပြီ။ ကျန်းမာရေး သိပ်မကောင်းတော့ဘူး။ COC က ဆရာဆိုလည်း အသက်တော့သိပ်မကြီးသေးပေမယ့် ကျန်းမာရေးမကောင်းတာကြာပြီလို့ ကြားတယ်။ ဒါကြောင့် ဘာမှမဖြစ်အောင် အမြန်လွှတ်ပေးဖို့ဘဲပြောချင်ပါတယ်” ဟု ပြောဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ ၃ ရက်နေ့တွင် နောင်မွန်မြို့အတွင်း လူငယ်များက ဦးစီးပြုလုပ်သော ‘မြန်မာနိုင်ငံတရားမျှတမှုအမြန်ဆုံးရောက်ရှိလာနိုင်ရေး’ ခေါင်းစဉ်ဖြင့် ဂိုဏ်းပေါင်းစုံ အထူးဆုတောင်းပွဲအစီစဉ် ပြုလုပ်ခဲ့ရာတွင် ပါဝင်ခဲ့သော ဓမ္မဆရာ ၅ ဦးအနက် ၃ ဦးကို တရားစွဲကာ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ဆရာ ၃ ပါးကို KIA နှင့်PDF တို့ဖြင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ စစ်ကောင်စီနှင့်ပတ်သက်သော ပူတာအိုမှ ဦးမယစ်ယောရှု့နှင့် ဇာကွန်းဂျောင်းဆာရ်တို့က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...