ချီဖွေစစ်ရှောင်များ Covid-19 ကာကွယ်ရေးပစ္စည်းများ လိုအပ်နေ

ချီဖွေစစ်ရှောင်များ Covid-19 ကာကွယ်ရေးပစ္စည်းများ လိုအပ်နေ

ကချင်ပြည်နယ် ချီဖွေမြို့ရှိ စစ်ရှောင်စခန်းတွင် Covid-19 ကာကွယ်ရေးနှင့်ပတ်သက်ပြီး ကူညီထောက်ပံ့မှုများ မရရှိသေးတာကြောင့် ရောဂါလက္ခာပြလာပါက ဆေးရုံတွင် ငွေပေးကာ သွားရောက်စစ်ဆေးနေရကြောင်း သိရသည်။

စစ်ရှောင်စခန်းတွင် ကိုဗစ်နှင့်သက်ဆိုင်သော ကူညီထောက်ပံ့မှုများမရသဖြင့် တစ်ဦးလျှင် တစ်သောင်းပေးကာ ဆေးရုံတွင် သွားစစ်ကြရကြောင်း KBC စစ်ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“ကျမတို့ ချီဖွေစစ်ရှောင်စခန်းမှာ ကိုဗစ်ပိုးဘယ်သူမှ မစစ်နိုင်ဘူး။ ဘယ်သူမှလည်း လာမစစ်ပေးဘူး။ ဖြစ်ပြီ ဖျားပြီဆိုမှ ဆေးရုံကို သွားစစ်ရတယ်။ ဆေးရုံမှာ တစ်ယောက် ၁ သောင်း ပေးရတယ် စစ်ခ။ မိသားစုတစ်ခု ၆ ယောက်ဆို ၆ သောင်းက သွားပြီလေ။ ဒါကြောင့် မစစ်ပဲနေနေတယ်။ ကိုဗစ်ပိုးကာကွယ်ပစ္စည်းတွေလည်း မရှိဘူး။” ဟု ချီဖွေ KBC စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ချီဖွေ KBC စစ်ရှောင်စခန်းမှ ကိုဗစ်အတည်ပြု လူနာ ၇ ဦးရှိနေပြီး ၎င်းတို့မှာ ချီဖွေပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ထိုသို့ ငွေကြေးကုန်ကျကာ ဆေးရုံတွင် သွားရောက်စစ်ဆေးနေရသောကြောင့် မိမိစခန်းတွင် ကိုယ်တိုင် ရောဂါပိုးစစ်ဆေးနိုင်ရန် ကူညီထောက်ပံ့မှုများပေးရန် လိုလားကြောင်း စစ်ရှောင်များက တောင်းဆိုထားသည်။

ချီဖွေ KBC စစ်ရှောင်စခန်းအပြင် လော်ဝေါ် စစ်ရှောင်စခန်းတွင်လည်း ကိုဗစ်ကာလခက်ခဲမှုများ ကြုံတွေ့နေရသဖြင့် စားဝတ်နေရေးအတွက် အပြင်ထွက် ရှာဖွေလုပ်ကိုင်စားသောက်နေရကြောင်း သိရသည်။

“ကျမတို့ စစ်ရှောင်စခန်းမှာ မိသားစုတိုင်း ခက်ခဲနေတယ်။ ဘယ်လိုကူညီထောက်ပံ့မှုမှ မရောက်နိုင်တော့ဘူးဆိုတော့ တစ်ချို့က စားဝတ်နေရေးအတွက် အပြင်ထွက်ပြီး မနက်ပိုင်းနှင့် ညနေပိုင်း ဈေးရောင်းပြီး အဲ့လိုဖြေရှင်းနေကြရတယ်။ ကိုဗစ်ပိုးလည်း မတွေ့သေးဘူးဆိုတော့ ကိုဗစ်နှင့်ပတ်သက်ပြီး ဘယ်လိုဆေးဝါးပစ္စည်းတွေမှတော့ မရှိထားသေးဘူး။ ဒီလိုပဲ စားဖို့သောက်ဖို့က တော်တော်ခက်ခဲနေကြတာပေါ့။” ဟု ချီဖွေမြို့ လော်ဝေါ် စစ်ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ချီဖွေမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာရှိလာပြီးနောက် ချီဖွေသို့ လူဝင်/ထွက်မှုကို ကန့်သတ်ခဲ့ပြီး ကုန်တင်ကားများကိုအလဲအလှယ်ဖြင့် ဝင်ရောက်ခွင့်ပြုထားသည်။

ချီဖွေမြို့တွင် KBC စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၆၅ စုနှင့် လူဦးရေ  ၈၇၀ ကျော်၊ လော်ဝေါ် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၀၂ နှင့် လူဦးရေ ၈၀၀ ကျော်ရှိကြောင်း သိရသည်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...