တနိုင်းတွင် Covid-19 လက္ခာဖြင့် နေ့စဉ် သေဆုံးသူရှိနေ

တနိုင်းတွင် Covid-19 လက္ခာဖြင့် နေ့စဉ် သေဆုံးသူရှိနေ

တနိုင်းမြို့တွင် Covid-19 လက္ခာဖြင့် သေဆုံးမှုများ တစ်ရက်လျှင် အနည်းဆုံး ၄ ဦးခန့် ပုံမှန်ရှိနေကြောင်း တနိုင်း လူမှုရေးအဖွဲ့တစ်ခုထံမှ သိရသည်။

ပြီးခဲ့သော ဇူလိုင်လကုန်ပိုင်းမှစပြီး တနိုင်းမြို့ လူနေရပ်ကွက်များတွင် နေ့စဉ် လူသေဆုံးမှုနှုန်း မြင့်မားလျက်ရှိနေပြီး လက်ရှိအချိန်အထိ သေဆုံးသူဦးရေ ၇၀ နီးပါးရှိပြီဟု တနိုင်းမြို့ လူမှုကူညီရေးအဖြစ် ဆောင်ရွက်ပေးနေသည့် တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုခဲ့သည်။

“ကျနော်တို့ တနိုင်းမှာက ကိုဗစ်နဲ့ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်ပေးမယ့်သူမရှိကြဘူး။ အဲ့လိုဘဲ ပြည်သူတွေလည်း လက်ရှိအစိုးရကို အယုံအကြည်မရှိတော့ ဖျားရင်လည်း အိမ်ထဲမှာဘဲနေကြတယ်။ အခုဖြစ်နေတာက တစ်ရက်ကို လူ ၄ ဦး၊ ၅ ဦးက နေ့တိုင်းလိုလို ဆုံးနေကြတယ်။ ဘာကြောင့်ဆုံးတယ်ဆိုတာကို အတည်မပြုနိုင်ဘူး။ အတည်ပြုပေးမယ့်သူတွေလည်းမရှိဘူး” ဟု ပြောဆိုသည်။

ဩဂုတ်လ ၁၈ ရက် ယနေ့တစ်ရက်တည်း သေဆုံးသူ ၃ ဦးအထိရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက် ၈ ခုရှိသည့်အနက် ဆမ့်ဆရပ်ကွက်တွင် လူသေဆုံးမှုအများဆုံးဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့အပြင် မြို့ပေါ်ရပ်ကွက်တိုင်းတွင် ကိုဗစ်လက္ခာဖြင့် ဖျားနာသူများရှိနေကာ မြို့လူဦးရေ၏ ထက်ဝက်ခန့်မှာ အနံ့ပျောက်လက္ခာဖြစ်နေသည်ဟု သူက ဆက်လက်ပြောဆိုသည်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ကိုဗစ်လူနာများအတွက် မြို့တွင်း နေရာ ၃ ခုတွင် Quarantine Center အဖြစ် သတ်မှတ်ထားသော်လည်း အုပ်ချုပ်ရေးအဖွဲ့မှ ထိရောက်စွာ ကြပ်မတ်ဆောင်ရွက်ပေးခြင်းမရှိကြောင်း ဆိုသည်။

ထို့အပြင် တနိုင်းမြို့နယ် ရှိန်ဗွေယန်မြို့နယ်ခွဲတွင်လည်း Covid-19 ကူးစက်သူများ များပြားကာ လူမှုကူညီရေးအဖွဲ့များဖြင့်သာ ရောဂါတိုက်ဖျက်နေရကြောင်း သိရသည်။

Covid-19 ကူးစက်ရောဂါကာကွယ်ရန်အတွက် ဟူးကောင်းချိုင့်ဝှမ်းဒေသနှင့် တနိုင်း ရှိန်ဗွေယန်ဒေသများတွင် လူစုလူဝေး ပွဲလမ်းသဘင်ပြုလုပ်ခြင်း၊ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်း၊ အားကစားပွဲများ၊ စျေးတန်း စျေးရောင်းခြင်း များကို ရောဂါပပျောက်တဲ့အထိ ပြုလုပ်ခြင်းမပြုရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်တွင် ထုတ်ပြန်ထားသည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...