တာချီလိတ်တွင် ကိုဗစ်ကြောင့် တစ်ရက်တည်းတွင် ၅ ဉီးသေဆုံး

တာချီလိတ်တွင် ကိုဗစ်ကြောင့် တစ်ရက်တည်းတွင် ၅ ဉီးသေဆုံး
တာချီလိတ်နာရေးကူညီမှုအသင်း – တာချီလိတ်တွင် ကိုဗစ်ကြောင့်သေဆုံးသူအလောင်းအား ပရဟိတအဖွဲ့က ပို့ဆောင်သဂြိုဟ်ပေးနေစဉ်
တာချီလိတ်နာရေးကူညီမှုအသင်း – တာချီလိတ်တွင် ကိုဗစ်ကြောင့်သေဆုံးသူအလောင်းအား ပရဟိတအဖွဲ့က ပို့ဆောင်သဂြိုဟ်ပေးနေစဉ်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ်–၁၉ ကူးစက်ရောဂါကြောင့် ၁ ရက်တည်းအတွင်း ၅ ဉီးသေဆုံးကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၈ ရက်က တာချီလိတ်ခရိုင်ဆေးရုံကြီးရှိ ကိုဗစ်ကူးစက် အတည်ပြုလူနာများအနက် ၅ ဉီးအထိသေဆုံးမှုရှိကြောင်း တာချီလိတ်မြို့ ပရဟိတ လူမှုကူညီရေးအသင်းမှ ဉီးကိုကိုဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြောရမယ်ဆိုရင် ခုသေဆုံးသွားရတဲ့ လူနာတွေက တကယ့်အရေးပေါ်အခြေအနေရောက်တဲ့ အောက်စီဂျင်တွေ ကျသွားတဲ့အချိန်မှာ ဆေးရုံကိုရောက်လာတဲ့ လူနာတွေဖြစ်တယ်ဗျ၊ ဆေးရုံရောက်ပြီး စစ်ဆေးမှုတွေလုပ်မှ ကိုဗစ်ပိုးတွေ့ရတာလည်းပါတယ်၊ အဲ့ဒီတော့ ကုသမှုခံယူပေမယ့် အချိန်မမှီတဲ့သဘောပေါ့” ဟု ဉီးကိုကိုဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေဆုံးသွားသည့် ကိုဗစ်ကူးစက် လူနာ ၅ ဉီးမှာ ဝမ်ကောင်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၇၆ နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ မယ်ခေါင်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မကာဟိုခမ်းရပ်ကွက်တွင်နေထိုင်သည့် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ဝမ်ကောင်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၇၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိ တာချီလိတ်မြို့တွင်းတွင် ကိုဗစ်–၁၉ တတိယလှိုင်း ကူးစက်ပျံ့ပွားမှုနှုန်းနှင့် သေဆုံးသူများ စံချိန်တင် မြင့်တက်နေပါသည်။

ပြည်သူများအနေဖြင့် ကျန်းမာရေးအတွက် Stay At Home စည်းကမ်းချက်များအတိုင်း လိုက်နာကျင့်သုံးသင့်ကြောင်း ဉီးကိုကိုဉီးက ပြောသည်။

“အခု ကိုဗစ်ကူးစက်မှုနှုန်းက အရမ်းများနေတယ်၊ သေဆုံးမှုနှုန်းလည်း အရမ်းများနေတယ်၊ ကျန်းမာရေးဌာနနဲ့ ပရဟိတသမားတွေကလည်း နိုင်သလောက် လုပ်နေကြပေမယ့် လူနာတွေက ကျိတ်ကုတွေများပြီး အရေးပေါ်အခြေအနေရောက်မှ ဆေးရုံကို ပြေးလာတာမျိုးတွေနဲ့၊ ပြီးတော့ အရေးကြီးလိုအပ်ချက်တွေမရှိလည်း အပြင်ထွက်နေတာမျိုးတွေ ရှိနေတာကြောင့် ပြည်သူများ Stay At Home စည်းကမ်းချက်တွေ လိုက်နာကျင့်သုံးပါလို့ ကျနော်က မီဒီယာကနေတစ်ဆင့် ပြောလိုပါတယ်” ဟု ၎င်းကပြောသည်။

တာချီလိတ်မြို့တွင် ဩဂုတ်လ ၈ ရက်အတွင်း အသစ်တိုးလာသည့် အတည်ပြုလူနာ ၅၈ ဦးအပါအဝင် လက်ရှိတွင် အတည်ပြုလူနာ စုစုပေါင်း  ၁၇၄၈ ဦးရှိနေပြီး ကိုဗစ်–၁၉ ကြောင့် သေဆုံးသူအရေအတွက်မှာ ၂၃ ဦး ရှိလာပြီဖြစ်သည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...