မော်လူးစစ်ကြောင်း ကချင်ပြည်နယ်ထဲဝင်ရောက်လာပြီလို့ဆို

မော်လူးစစ်ကြောင်း ကချင်ပြည်နယ်ထဲဝင်ရောက်လာပြီလို့ဆို

စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ ကချင်ပြည်နယ်ထဲက နန့်စီးအောင်မြို့အထိဝင်ရောက်လာပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေပြောပါတယ်။

မေလ  ၅ ရက်နေ့မနက်ပိုင်းမှာဘဲ အင်းတော်မြို့နယ်ရဲ့ မြို့နယ်ခွဲဖြစ်တဲ့ မော်လူးမြို့ထဲကို ဝင်ရောက်ထိန်းချုပ်ပြီးတဲ့နောက် မော်လူးမြို့နဲ့ ၆ မိုင်ခန့်အကွာမှာရှိတဲ့ ကချင်ပြည်နယ်ထဲက နန့်စီးအောင်မြို့ကိုဆက်လက်ထွက်ခွာခဲ့တာလို့သိရပါ တယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အင်းတော်ကထွက်လာတဲ့မော်လူးစစ်ကြောင်းကတော့ နန့်စီးအောင်မှာရှိတဲ့စစ်ကောင်စီအဖွဲ့တွေနဲ့ တစ်ဆက်တည်းဖြစ်သွားပြီပေါ့။ သူတို့အဲ့ဘက်တွေအကုန်လုံးဝင်သွားပြီ။ ကျနော်ကြားတာတော့ မနေ့ကကြားလိုက်တာပေါ့။ မနေ့ကဘဲ အဲ့ရောက်သွားပြီ။ နန့်စီးအောင်ဘက်ကို။”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက ထီးချိုင့်မြို့ကိုဝင်ရောက်ထိန်းချုပ်နိုင်ခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းတွေဟာ ဧပြီလအစောပိုင်းအတွင်း ကသာမြို့မှာ စစ်အင်အားတွေစုစည်းခဲ့ပြီး ကသာမြို့ရဲ့ ၁၆ မိုင်အကွာက အင်းတော်မြို့ကိုတော့ ဧပြီလ ၃၀ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်း မေလ ၅ ရက်နေ့ မနေ့ကမနက်ပိုင်းမှာတော့ အင်းတော်မြို့နဲ့ မိုင် ၂၀ အကွာက မော်လူးမြို့ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်ခဲ့တာပါ။

စစ်တပ်စစ်ကြောင်းဟာ ထီးချိုင့်–ကသာ–အင်းတော်–မော်လူး အဆိုပါမြို့ ၄ မြို့ရဲ့ မြို့တွင်းမှာလည်း စစ်အင်အားတွေဖြန့်ထား နိုင်သလို ဒီမြို့တွေကိုဆက်သွယ်ထားတဲ့လမ်းပိုင်းတွေကိုအဓိကထိန်းချုပ်ထားတယ်လို့ စစ်ရေးနဲ့နီးစပ်တဲ့ဒေသခံတွေကသုံးသပ်ကြ ပါတယ်။

“သူတို့က အဓိကမိန်းလမ်းတွေကိုဘဲထိန်းချုပ်တာ။ ရွာတွေကိုကအဲ့လောက်မဟုတ်ဘူး။ ဗန်းမော်–မန္တလေးလမ်းဆိုလည်း ဗျူဟာ လမ်းတွေမှာနေတာများတယ်။ ထီးချိုင့်–ကသာဆိုရင်လည်း ဗျူဟာလမ်းတွေပေါ်မှာနေတာများတယ်။ ပြီးရင် စစ်အင်အားတွေကို အလုံးအရင်းနဲ့ပို့တာ။”လို့ ကသာ–အင်းတော်လမ်းပိုင်းမှာနေထိုင်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းနဲ့ကချင်အစပ်ကိုရောက်ရှိလာတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ စစ်အင်အားအလွန်များပြားသလို တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအပါအဝင် အသေခံဒရုန်းများစွာအသုံးပြုနိုင်တာကိုတွေ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ စစ်မှုမထမ်းမနေရဥပဒေကနေ စုဆောင်းခဲ့တဲ့ အင်အားတွေနဲ့ စစ်ဆင်ရေးတွေပြန်လုပ်လာတဲ့ စစ်တပ်ဟာ မန္တလေးတိုင်းထဲက တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်း၊ တကောင်းအပါအဝင် စစ်ကိုင်းတိုင်းထဲက ထီးချိုင့်၊ ဗန်းမောက်မြို့ နဲ့ အင်းတော်၊ မော်လူး မြို့တို့ကိုပါ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

မော်လူးမြို့ဟာ အင်းတော်မြို့နယ်ရဲ့ မြို့နယ်ခွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

Most read this week

(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...