တာချီလိတ်တွင် ကိုဗစ်ကြောင့် တစ်ရက်တည်းတွင် ၅ ဉီးသေဆုံး

တာချီလိတ်တွင် ကိုဗစ်ကြောင့် တစ်ရက်တည်းတွင် ၅ ဉီးသေဆုံး
တာချီလိတ်နာရေးကူညီမှုအသင်း – တာချီလိတ်တွင် ကိုဗစ်ကြောင့်သေဆုံးသူအလောင်းအား ပရဟိတအဖွဲ့က ပို့ဆောင်သဂြိုဟ်ပေးနေစဉ်
တာချီလိတ်နာရေးကူညီမှုအသင်း – တာချီလိတ်တွင် ကိုဗစ်ကြောင့်သေဆုံးသူအလောင်းအား ပရဟိတအဖွဲ့က ပို့ဆောင်သဂြိုဟ်ပေးနေစဉ်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ်–၁၉ ကူးစက်ရောဂါကြောင့် ၁ ရက်တည်းအတွင်း ၅ ဉီးသေဆုံးကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၈ ရက်က တာချီလိတ်ခရိုင်ဆေးရုံကြီးရှိ ကိုဗစ်ကူးစက် အတည်ပြုလူနာများအနက် ၅ ဉီးအထိသေဆုံးမှုရှိကြောင်း တာချီလိတ်မြို့ ပရဟိတ လူမှုကူညီရေးအသင်းမှ ဉီးကိုကိုဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြောရမယ်ဆိုရင် ခုသေဆုံးသွားရတဲ့ လူနာတွေက တကယ့်အရေးပေါ်အခြေအနေရောက်တဲ့ အောက်စီဂျင်တွေ ကျသွားတဲ့အချိန်မှာ ဆေးရုံကိုရောက်လာတဲ့ လူနာတွေဖြစ်တယ်ဗျ၊ ဆေးရုံရောက်ပြီး စစ်ဆေးမှုတွေလုပ်မှ ကိုဗစ်ပိုးတွေ့ရတာလည်းပါတယ်၊ အဲ့ဒီတော့ ကုသမှုခံယူပေမယ့် အချိန်မမှီတဲ့သဘောပေါ့” ဟု ဉီးကိုကိုဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေဆုံးသွားသည့် ကိုဗစ်ကူးစက် လူနာ ၅ ဉီးမှာ ဝမ်ကောင်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၇၆ နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ မယ်ခေါင်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မကာဟိုခမ်းရပ်ကွက်တွင်နေထိုင်သည့် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ဝမ်ကောင်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၇၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိ တာချီလိတ်မြို့တွင်းတွင် ကိုဗစ်–၁၉ တတိယလှိုင်း ကူးစက်ပျံ့ပွားမှုနှုန်းနှင့် သေဆုံးသူများ စံချိန်တင် မြင့်တက်နေပါသည်။

ပြည်သူများအနေဖြင့် ကျန်းမာရေးအတွက် Stay At Home စည်းကမ်းချက်များအတိုင်း လိုက်နာကျင့်သုံးသင့်ကြောင်း ဉီးကိုကိုဉီးက ပြောသည်။

“အခု ကိုဗစ်ကူးစက်မှုနှုန်းက အရမ်းများနေတယ်၊ သေဆုံးမှုနှုန်းလည်း အရမ်းများနေတယ်၊ ကျန်းမာရေးဌာနနဲ့ ပရဟိတသမားတွေကလည်း နိုင်သလောက် လုပ်နေကြပေမယ့် လူနာတွေက ကျိတ်ကုတွေများပြီး အရေးပေါ်အခြေအနေရောက်မှ ဆေးရုံကို ပြေးလာတာမျိုးတွေနဲ့၊ ပြီးတော့ အရေးကြီးလိုအပ်ချက်တွေမရှိလည်း အပြင်ထွက်နေတာမျိုးတွေ ရှိနေတာကြောင့် ပြည်သူများ Stay At Home စည်းကမ်းချက်တွေ လိုက်နာကျင့်သုံးပါလို့ ကျနော်က မီဒီယာကနေတစ်ဆင့် ပြောလိုပါတယ်” ဟု ၎င်းကပြောသည်။

တာချီလိတ်မြို့တွင် ဩဂုတ်လ ၈ ရက်အတွင်း အသစ်တိုးလာသည့် အတည်ပြုလူနာ ၅၈ ဦးအပါအဝင် လက်ရှိတွင် အတည်ပြုလူနာ စုစုပေါင်း  ၁၇၄၈ ဦးရှိနေပြီး ကိုဗစ်–၁၉ ကြောင့် သေဆုံးသူအရေအတွက်မှာ ၂၃ ဦး ရှိလာပြီဖြစ်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...