ဇူလိုင်လ ၂၂ ရက်နေ့မှာ ကရင်နီပြည်နယ် ဖရူဆိုမြို့အနောက်ဖက်ခြမ်းရှိ ဟိုယာ၊ ဘီယာဒေသဖက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ကျေးရွာအတွင်း ဝင်ရောက်အခြေချခဲ့ပြီး ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းမှာ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း ဒေသခံဆီကနေ သိရပါတယ်။
“ဒီနေ့ သူတို့ပြန်ပြီးတော့ ထွက်ခွာသွားပြီ သူတို့လာတဲ့လမ်းအတိုင်းပဲ ပြန်ထွက်သွားပြီ ဒီနေ့ ၈ နာရီကျော် ၉နာရီလောက်မှာ စထွက်သွားတယ်။ မနေ့က စစ်ကြောင်းနှစ်ကြောင်းလာတယ် စစ်ကြောင်းတစ်ကြောင်းကို ၁၂၀ လောက်ပါတယ်။ ဘုရားကျောင်းတို့ စာသင်ကျောင်းတို့ ဓာတ်ပုံမှတ်တမ်းလေးတွေ ယူသွားတယ်။ သူတို့ (စစ်ကောင်စီ) မရှိရင်တော့ ငြိမ်းချမ်းပါတယ်၊ အေးဆေးပါပဲ၊ အခု သူတို့ထွက်သွားတော့ ပုံမှန်အတိုင်းပဲ ပြန်ပြီးဖြစ်မှာပါ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်က ဟိုယာ၊ ဘီယာဒေသသို့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းမှစ သွားလာလှုပ်ရှားခဲ့ပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်အခြေချမှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဘီတူကျေးရွာမှတဆင့် ဖရူဆိုမြို့နယ်အတွင်း ဘီယာကျေးရွာနဲ့ ဒိုမိုခိုကျေးရွာမှာလည်း စစ်ကြောင်းများ တပ်ဖြန့်ထားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ရဲ့ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ကရင်နီတပ်မတော် (KA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဘောလခဲမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြား နန်းဖဲကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရသလို ဖရူဆိုမြို့နယ်အနောက်ဖက်မှာလည်း စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းမှု ဆက်လက်လုပ်ဆောင်နေပြီး သွားလာလှုပ်ရှားမှုတွေလည်းရှိတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခြေကုပ်ယူထားတဲ့နယ်မြေတွေမှာ စစ်ဆင်ရေးပြုလုပ်နေသလို စစ်ရေးတင်းမာမှုအခြေအနေကြောင့် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူများအနေဖြင့် လုံခြုံရေးသတိရှိကြဖို့ KNDF က အသိပေးထုတ်ပြန်ထားပါတယ်။







