ဖာပွန်ဒေသမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့ကြား ဇူလိုင် ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ သုံးရက်အတွင်း တိုက်ပွဲ ၁၀ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ ကေအဲန်ယူမူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၉ ရက်နေ့က ကရင်ပြည်နယ် ဖာပွန်ဒေသမှာ KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေ ၄ ဦးဒဏ်ရာရရှိကာ စစ်ကားတစ်စီးလည်း ပျက်စီးသွားခဲ့တာပါ။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေက ဖာပွန် နို့ခဲထာ့နဲ့ မို့လို့ပါကျေးရွာထဲကို လက်နက်ကြီးအလုံးပေါင်း ၄၀ ခန့် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံရွာသားတွေရဲ့ ကျွဲတွေ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၀ ရက်နေ့ မနက် ၉ နာရီခွဲက KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် ပူပေါင်းအဖွဲ့တို့ကြား ကိုင်းတောရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဘက်က ၅ ဦးသေဆုံး ၆ ဦးဒဏ်ရာရရှိကာ ကားတစ်စီး ပျက်စီးသွားခဲ့ပါသေးတယ်။
အဲဒီ ဇူလိုင် ၂၀ ရက်နေ့မှာပဲ ဖာပွန်ခရိုင် လူသောမြို့နယ် လယ်မူပလောဒေသအတွင်းမှာ တိုက်ပွဲ ၂ ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၁ ရက်နေ့မှာတော့ တိုက်ပွဲ ၂ ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်ကျဆုံးမှုကို မသိရသေးပဲ KNLA ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ နယ်မြေခံ KNLA အရာရှိတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လတ်တလော ဖာပွန်ခရိုင်အတွင်းမှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ရေးလှုပ်ရှားမှုနဲ့ တပ်အင်အားတွေ ပိုမိုတိုးချဲ့လာတဲ့အပြင် လူသောမြို့နယ် ခေးပူဒေသထဲမှာ တပ်စခန်း ၂ ခုကိုပါ ထပ်မံတိုးချဲ့ခဲ့တယ်လို့ ကေအဲန်ယူရဲ့ မူတြော်သတင်းစဉ်ဖော်ပြချက်အရ သိရပါတယ်။







