နိုင်ငံတော်သစ် တည်ဆောက်မည်ဟု ဦးမင်းအောင်လှိုင် ပြောဆိုချက်အပေါ် ပြည်သူများ ဝေဖန်

နိုင်ငံတော်သစ် တည်ဆောက်မည်ဟု ဦးမင်းအောင်လှိုင် ပြောဆိုချက်အပေါ် ပြည်သူများ ဝေဖန်

စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး အရှိန်အဟုန် ဖြင့် တည်ဆောက်မှုကို သုံးနှစ် အချိန်ယူဆောင်ရွက်မည်ဟု စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ပြည်သူလူထုတစ်ရပ်လုံးကလည်း ၎င်းတို့နှင့်အတူ ကဏ္ဍအသီးသီးမှ တက်ကြွစွာ ပါဝင်ကူညီပေးကြရန် ဇူလိုင် ၃၁ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြုလုပ်သည့် စစ်အုပ်စု၏ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စုအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဆိုသည့် ဦးစားပေးရည်မှန်းချက် နှစ်ရပ်ကို လက်ကိုင်ထားကာ ကဏ္ဍစုံတွင် အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေကြောင်း ဦးမင်းအောင်လှိုင်က ပြောသည်။

ထို့ပြင် ၎င်းတို့စစ်တပ်အနေဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု နိုင်ငံတော်သစ်ကို တည်ဆောက်သွားမည်ဖြစ်ပြီး အတွေးအခေါ် နောက်ကျမကျန်ရစ်ခဲ့စေရန် တိုက်တွန်းထားသည်။

သို့သော် ဦးမင်းအောင်လှိုင်၏ နိုင်ငံတော်သစ်တည်ဆောက်မည့် ပြောဆိုချက်အပေါ် အောက်ခြေပြည်သူများကမူ လက်တွေ့တွင် ဆန့်ကျင်ဘက်ဖြစ်နေပြီး ပိုမိုကျပ်တည်းလာမှုများကိုသာ ရင်ဆိုင်နေရကြောင်း ဝေဖန်ပြောဆိုကြသည်။

ကုန်လွန်ခဲ့သော ရက် ၁၀၀ စီမံချက်အတွင်း လူမှုနေထိုင်စနစ်မှာ လွတ်လပ်မှုမရှိဘဲ ပိုမိုကျပ်တည်းလာပြီး ပေါ်တာဆွဲခြင်း၊ နိုင်ထက်စီးနင်းပြုလုပ်ခြင်း၊ နယ်စပ်မှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးခြင်းနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ခံစားခဲ့ရကြောင်း ပြည်သူများက ထုတ်ဖော်ပြောဆိုထားကြသည်။

ပြည်သူတစ်ဦးက “သူ့ရဲ့ ရက် ၁၀၀ စီမံကိန်းက ထပ်တောင်တိုးမယ်လို့ သူက အစီအစဉ်ရှိနေတယ်။ ဘာလို့ဆို သူတို့အတွက် အကျိုးအမြတ်တွေ အများကြီးရှိတာကိုး။ ပြည်သူအတွက် ဘာအကျိုးမှ မရှိဘူး။ တိုင်းပြည် အတွက်လည်း ဘာအကျိုးမှ မရှိဘူး။ သူ့နိုင်ငံတော်သစ်ကလည်း ကြာလေ လူတွေက ကြောက်လေ ဖြစ်လာပြီ။ နိုင်ငံတော်သစ်ဆီသို့ ဆိုပြီးတော့ နိုင်ငံတော်အသစ် တည်ဆောက်ရင် ဒီနိုင်ငံတော်က အေးချမ်းသာယာဝပြောရ မယ်လေ။ အောက်မှာရှိတဲ့ အောက်ခြေပြည်သူတွေက အကျိုးခံစားခွင့်ဆိုတာ နည်းနည်းပါးပါးတော့ ရှိရမှာ ပေ့ါ။ ၁၀၀ ဖိုး မရှိရင်တောင်မှ ၂၀ ဖိုးလောက်တော့ ရှိနိုင်ကောင်းပါရဲ့။ အခုက ဘာတစ်ခုမှ မရှိတာ” ဟု ပြောသည်။

ဦးမင်းအောင်လှိုင်ကမူ ကုန်ဈေးနှုန်းကြီးမြင့်နေရသည့် အဓိကအကြောင်းရင်းများမှာ လောင်စာဆီဈေးတက် ခြင်း၊ ထုတ်ကုန်နည်းပါးခြင်း၊ ကုန်သွယ်မှုလိုငွေများကြောင့် ငွေကြေးဖောင်းပွလာခြင်းနှင့် အသုံးစရိတ် များပြား ခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောသည်။

တစ်ဖက်တွင် တိုင်းပြည်တည်ငြိမ်မှသာ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကြုံတွေ့နေရသည့် သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အေးချမ်းစွာ အဖြေရှာကြရန် ဦးမင်းအောင်လှိုင်က ထပ်မံတိုက်တွန်းထားသည်။

သို့သော် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ငြိမ်းချမ်းရေးချဉ်းကပ်မှုမှာ တန်းတူညီမျှသည့် နိုင်ငံရေးဆွေးနွေးမှုထက် မြေပြင်တွင် စစ်ရေးနည်းပေါင်းစုံဖြင့် ဖိအားပေးသည့် ပုံစံမျိုးသာ ဖြစ်ကြောင်း သုံးသပ်သည်။

နိုင်အဲမွန်က “ကျနော်အနေနဲ့ တည်ငြိမ်ရေး ဒါမှမဟုတ် နယ်မြေရှင်းလင်းရေးနာမည်နဲ့ လေကြောင်း တိုက်ခိုက် မှုတွေ လက်နက်ကြီး ပစ်ခတ်မှုတွေ ကျေးရွာအတွင်းမှာ ထိုးစစ်ဆင်မှုတွေ နေအိမ်မီးရှို့မှုတွေ မတရားဖမ်းဆီး ငွေညှစ်မှုတွေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ ဆက်ပြီးတော့ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်တွေ မြင့်မား နေဆဲပဲလို့ ကျနော်တို့ သုံးသပ်တယ်” ဟု ပြောသည်။

စစ်တပ်အသွင်ပြောင်း အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေး နိုင်ခဲ့သည်ဟု အသိပေးထားသော်လည်း စစ်တပ်က စစ်အစိုးရအဖြစ် အသွင်ပြောင်းပြီးနောက်ပိုင်း ဆိုရှယ် မီဒီယာပေါ်တွင် ဝေဖန်ရေးသားသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများအပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က တို့ဖြင့် ဖမ်းဆီး အမှုဖွင့်ထားသလို သတင်းမီဒီယာ ၆ ခုကိုလည်း လုပ်ငန်းလိုင်စင်ပိတ်သိမ်းခဲ့သည်။

ထို့ပြင် စစ်မှုထမ်းဥပဒေကြောင့် စုဆောင်းခံထားရသည့် လူငယ်များကို ရှေ့တန်းစစ်မြေပြင်တွင် လူသားဒိုင်း အဖြစ် အသုံးပြုနေမှုများလည်း ဆက်လက်ရှိနေဆဲဖြစ်သည်။

ထိုအခြေအနေများကြောင့် စစ်အုပ်စု၏ နိုင်ငံတော်သစ် တည်ဆောက်ရေးသည် ပြည်သူများအတွက် ကောင်းမွန် သည့် အကျိုးခံစားခွင့်ကို ရရှိစေမည် မဟုတ်ဘဲ စစ်အုပ်စုနှင့် အပေါင်းအပါများ၏ အာဏာတည်မြဲရေးနှင့် ကိုယ် ကျိုးစီးပွားအတွက်သာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေလိမ့်မည်ဟု လေ့လာသူများက ထောက်ပြထား ကြသည်။

Most read this week

 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...