ကယန်းပြည်သစ် ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်စစ်ဆေးရေးဂိတ် လေးခု ဖွင့်လှစ်ထားရှိ

ကယန်းပြည်သစ် ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်စစ်ဆေးရေးဂိတ် လေးခု ဖွင့်လှစ်ထားရှိ

တကျော့ပြန်ဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းကို ကာကွယ်ဖို့အတွက် ကယန်းပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ကယန်းဒေသတွင်း စစ်ဆေးရေးဂိတ် လေးခု ဖွင့်လှစ်ထားတယ်လို့ ကယန်းအမျိုးသားကျန်းမာရေးကော်မတီရဲ့ ဒု-ဒါရိုက်တာ ခွန်းစီမွန်က ပြောပါတယ်။

“အဓိကခါကျတော့ ကျနော်တို့ အဝင်/အထွက် ကန့်သတ်ထားတယ်။ နောက်ပြီးတော့ အဝင်/အထွက် လူတွေကို ကျနော်တို့ စစ်ဆေးတယ်၊ မှတ်တမ်းယူတယ်၊ အပူချိန်တိုင်းတယ်ပေါ့နော်။ သွားလာရာဇဝင်တွေ မေးမြန်းတာပေါ့။ အဓိက ခရီးဝေးကနေပြန်လာတဲ့လူဆို ကျနော်တို့အနေနဲ့က တခြားပရဟိတအသင်းတွေနဲ့ အချိတ်အဆက်လုပ်ပြီးတော့ ဘယ်နေရာမှာ ကွာရန်တင်းအနေနဲ့ ချမှတ်ထားရမလဲ စသဖြင့် အဲ့လိုမျိုး ကျနော်တို့ ကြီးကြပ်လုပ်တယ်” လို့ ဒု-ဒါရိုက်တာ ခွန်းစီမွန်က ပြောပါတယ်။

ဒါ့အပြင် ကယန်းအမျိုးသားကျန်းမာရေးဌာနက ကယန်းဒေသတွင်း ခရီးသွားလာတဲ့ ပြည်သူလူထုတွေကို Mask (နှာခေါင်းစည်း) ဝေပေးတာတွေ၊ ကိုဗစ်ကူးစက်မှုရောဂါ အသိပညာပေးတဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေနဲ့ ဗီနိုင်းကပ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ကိုဗစ်စစ်ဆေးရေးဂိတ်တွေကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သောက်ရေခပ်ကျေးရွာမှာ ၁ ဂိတ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ကဖုကျေးရွာမှာ ၁ ဂိတ်၊ မိုးဗြဲမြို့အနီးမှာ ၁ ဂိတ်နဲ့ ဖယ်ခုံ-ပင်လောင်းနယ်စပ် တောင်စလုံးကျေးရွာမှာ ၁ ဂိတ် စုစုပေါင်း လေးဂိတ် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ယခင် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာတော့ ကယန်းအမျိုးသားကျန်းမာရေးဌာနနဲ့အတူ အစိုးရဌာနဆိုင်ရာတွေ ပူးပေါင်းပါဝင်မှုရှိခဲ့တာကြောင့် လိုအပ်တဲ့ ဆေးဝါးပစ္စည်းအကူအညီနဲ့ ကွာရန်တင်းစင်တာတွေ ထားရှိနိုင်ခဲ့ပေမယ့် အခု ကိုဗစ်တတိယလှိုင်းမှာတော့ တခြားအကူအညီမပါပဲ လုပ်နေရတဲ့အတွက် အခက်အခဲတွေ ရှိနေပါတယ်။

“အဓိက သံသယလူနာတွေပဲဖြစ်ဖြစ်၊ နောက်ပြီး အဝေးကလာတဲ့ ခရီးသွားဧည့်သည်တွေပဲဖြစ်ဖြစ် ကျနော်တို့ သတ်မှတ်ထားတဲ့ ကွာရန်တင်းစင်တာပေါ့။ လမ်းညွှန်ဖို့ ကျနော်တို့မှာ အခက်အခဲရှိတယ်။ အဲ့ဒါမရှိဘူးပေါ့နော်။ အရင်တုန်းကဆို ကျနော်တို့ ဆီးဘူးမှာလည်းပဲ ကျနော်တို့ ကွာရန်တင်းစင်တာ တခုထားတာရှိတယ်။ နောက် PPE တို့ ဘာတို့ အပြည့်အစုံရှိတယ်။ နောက်အခုခါကျတော့ ဒါတွေ အခက်အခဲရှိတယ်” လို့ ကယန်းအမျိုးသားကျန်းမာရေးကော်မတီရဲ့ ဒု-ဒါရိုက်တာ ခွန်းစီမွန်က ဆိုပါတယ်။

ကိုဗစ်နဲ့ဆင်တူတဲ့ ရောဂါတွေနဲ့ တခြားဖျားနာတဲ့ လူနာတွေကိုတော့ ကယန်းအမျိုးသားကျန်းမာရေးကော်မတီရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ဆေးခန်း ၆ ခုထဲက နီးစပ်ရာဆေးခန်းတွေကို လွှဲပြောင်းကုသတာတွေ လုပ်ဆောင်ပေးတယ်လို့ သိရပါတယ်။

လတ်တလော ကယန်းပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်ရောဂါကူးစက်ခံရတဲ့ လူနာတွေ မတွေ့ရှိသေးပေမယ့် ဒေသတွင်း ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေမှာ ကျန်ရှိနေထိုင်နေတဲ့ ပြည်သူတွေကိုတော့ ကိုဗစ်ရောဂါမကူးစက်အောင် Mask (နှာခေါင်းစည်း) ပေးဝေတာတွေ၊ ရောဂါကာကွယ်ရေး အသိပညာပေးတာတွေနဲ့ ဖျားနာသူတွေကို ဆေးကုသပေးတာတွေ အတတ်နိုင်ဆုံး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကယန်းအမျိုးသားကျန်းမာရေးကော်မတီဟာ ကယန်းပြည်သစ်ပါတီ (KNLP) ရဲ့ လက်အောက်ခံ ကျန်းမာရေးဌာနတစ်ခုဖြစ်ပြီးတော့ လူထုကျန်းမားရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် (CHDN) ရဲ့ မိတ်ဖက်အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ ကိုဗစ်ဖြစ်ပွားမှု ကြိုတင်ကာကွယ်ရန်အတွက် လွိုင်ကော်မြို့၊ ဒီမော့ဆိုမြို့၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာ၊ ရပ်ကွက်အချို့တွေမှာ ဒေသခံများမှ ကိုယ်ထူကိုယ်ထ ကိုဗစ်စစ်ဆေးရေးဂိတ်ပြုလုပ်ထားပြီး လမ်းသွားပြည်သူကို ကိုယ်အပူချိန်တိုင်းတာခြင်းတွေ ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...