မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့ကစပြီး အောက်စီဂျင်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီလို့ ကိုဗစ်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အောက်စီဂျင်ပြတ်လပ်မှုကြောင့် ပေါင်မြို့နယ်က ဆေးရုံတွေမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်အတည်ပြုလူနာတွေအတွက် အောက်စီဂျင်တွေ အရေးပေါ်လိုအပ်နေတာပါ။
“အောက်စီဂျင်က ဒီနေ့မနက်ကစပြီး ပြတ်သွားတာ၊ အခု ကျွန်တော်တို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆေးရုံတာဝန်သူတွေကလည်း လိုက်ရှာနေတယ်၊ အခုထိတော့ မရသေးဘူး” လို့ ပေါင်မြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပေါင်မြို့နယ်မှာတော့ ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၂၅၀ ကျော် ရှိလာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ၂၀ ကျော် သေဆုံးထားပါတယ်။
သေဆုံးသွားတဲ့ ကိုဗစ်လူနာအများစုဟာ အောက်စီဂျင်ကျပြီး သေဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ပေါင်မြို့နယ်မှာတော့ ကိုဗစ်အတည်ပြုလူနာတွေအတွက် Isolation Ward ၃ ခု ဖွင့်လှစ်ပြီး စောင့်ကြည့်ကုသပေးနေတာဖြစ်ပါတယ်။







