ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့ရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံများနှင့် ရေဇွာ Covid-19 ကြိုတင်ကာကွယ်ရေးကော်မတီတို့ ပူးပေါင်းပြီးပြုလုပ်သော ဒုတိယအကြိမ် အစည်းအဝေး၌ ရောဂါကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြရာ ရေဇွာမြို့ရှိ ပြည်သူများနှင့် ခရီးသွားဧည့်သည်များအနေဖြင့် လိုက်နာနိုင်ရန် စည်းကမ်းချက်များကို သိရှိစေလိုပါသည်။
မြေပြန့်မှတက်လာသော ကုန်တင်ကားများကို တစ်ပတ်တစ်ကြိမ်သာ ဝင်ခွင့်ပြုမည်ဖြစ်ပြီး ကုန်များကို ပိုးသတ်ဆေးဖြန်းပြီးမှ၊ ကားသမားများအနေဖြင့် Test Kit ဖြင့် စစ်ဆေးမှုခံယူပြီးမှ ကုန်ချခြင်းများပြုလုပ်ရမည်။
ကုန်ကားတစ်စီးတွင် လူသုံးဉီးထက် မပိုရပါ။
ညအိပ်မည်ဆိုလျှင် ကားပေါ်တွင်သာ အိပ်ကြရန်နှင့် ရေဇွာမြို့တွင် တစ်ညသာ အိပ်ခွင့်ပြုမည်။
ရေဇွာမြို့ရှိ ကုန်စုံဆိုင်များနှင့် ဈေးဆိုင်များအား တစ်ပတ်သုံးကြိမ် တစ်ရက်ခြားပြီး မနက် ၆ နာရီမှ နေ့လည် ၁၂ နာရီထိသာ ရောင်းခွင့်ပြုမည်။
လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား မနက် ၆ နာရီမှ ညနေ ၆ နာရီထိ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည်။
တနင်္ဂနွေနေ့တွင် ရောင်းချခွင့်မပြုပါ။
မြို့ဝင်ဂိတ် နှစ်နေရာပြုလုပ်ထားပြီး ရေဇွာမြို့ရှိ အသင်းတော်အသီးသီးက လူငယ်များမှ အလှည့်ကျ မြို့ဝင်ဂိတ် စောင့်ရမည်။
နာရေးကိစ္စများရှိ၍ မဖြစ်မနေ ပါဝင်ရန်လိုအပ်ပါက နှခေါင်းစည်း၊ Hand gel များ ဆောင်ထားရမည်။
ည ၁၀ နာရီမှ မနက် ၆ နာရီအတွင်း ရေဇွာမြို့တွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်မပြုပါ။
အရေးပေါ်လူနာတင်ယာဉ်များဖြစ်နေပါက ရေဇွာ Covid-19 ကြိုတင်ကာကွယ်ရေးကော်မတီသို့ ဖုန်းဆက်အကြောင်းကြားရမည်။







