မိုးမောက် နွမ်းလန့် စစ်တပ်အနီးတွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

မိုးမောက် နွမ်းလန့် စစ်တပ်အနီးတွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

မိုးမောက်မြို့နယ် နွမ်းလန့် (Numlang) ကျေးရွာမှ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များက အဓမ္မပြုကျင့်သတ်ဖြတ်မှု ဇူလိုင်လ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

နွမ်းလန့် အာဏာသိမ်းစစ်တပ် ခမရ ၆၁၆ တပ်ရင်းအနီး လယ်တောတစ်နေရာတွင် အဓမ္မပြုကျင့်ခံရပြီးနောက် ဓါးထိုးသွင်းထားသည့်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဖြစ်စဉ်ကို အသေးစိတ်သိရှိထားသော အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“သူတို့လယ်တောမှာ စပါးပျိုးဖို့ မျိုးစေ့သယ်ပြီး သူတစ်ယောက်တည်း သွားလိုက်တာ။ မနေ့ညရောက်လာတဲ့ထိလည်း သူ့ယောကျာ်းရှိတဲ့ လယ်တောကို မရောက်လာဘူး။ ဖုန်းဆက်လည်းမရ၊ ဒီမနက်ထိလည်း မရောက်လာတော့ ခင်ပွန်းသည်က ရွာကိုပြန်လာပြီး ၄၃၈ စစ်တပ်နဲ့ ၆၁၆ တပ်ကို ခွင့်တောင်းပြီး ပြန်ရှာတော့ သူတို့ လယ်တောသွားတဲ့ လမ်းကွေ့နားကတဲမှာ သူ့မိန်းမသယ်လာတဲ့ ပလိုင်းက အဲမှာကျန်နေတယ်။ သူ့ကိုတော့ လယ်တောဘက်ကိုခေါ်သွားပြီး အဓမ္မပြုကျင့် ဓါးနဲ့ထိုးသတ်ထားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

နွမ်းလန့်ကျေးရွာအနီး အာဏာသိမ်းစစ်တပ် ၆၁၆ တပ်ရင်းတွင် ရောက်ရှိနေသော တပ်မ ၈၈ အဖွဲ့မှ တပ်သား ၃ ဦးသည် ဇူလိုင်လ ၁၄ ရက်နေ့က တပ်ပြေးခဲ့ပြီး ၎င်းတို့ကို နောင်ကွမ်စစ်တပ်တွင် ပြန်လည်ဖမ်းဆီးခဲ့သည်။

ထိုတပ်ပြေး ၃ ဦးတွင် သတ်ဖြတ်ခံရသော အမျိုးသမီး၏ လက်ကိုင်ဖုန်းကို စစ်ဆေးရမိသဖြင့် မိသားစုဝင်များကို အကြောင်းကြားလာသည်ဟု သိရသည်။

အဓမ္မပြုကျင့်ခံရသည့်နေရာတွင် ဓါးထိုးသွင်းဒဏ်ရာ ၄ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း၊ ယမန်နေ့ အလောင်းသွားရောက်သယ်ဆောင်စဉ် လိုက်ပါခဲ့သူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောပြသည်။

“သူ့တို့လယ်တောနဲ့ သိပ်မဝေးတဲ့နေရာမှာပဲ သူ့အကျီနဲ့ ပါးစပ်ကိုချုပ်ပြီး ပိတ်ထားတယ်။ ပြီးတော့ ဘာမှမဝတ်ဘဲ ဒီအတိုင်း ဗလာပစ်ထားတာ။ ရင်ဘတ်မှာ ဓါးထိုးသွင်းဒဏ်ရာ ၄ ချက်၊ ညာဘက်ချိုင်းအောက်မှာ တစ်ချက် ထိုးထားတယ်” ဟု ဆိုသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သောနေရာသည် အာဏာသိမ်းစစ်တပ် ၆၁၆ တပ်ရင်းမှ ၂ မိုင်ခန့်၊ နွမ်းလန့်ကျေးရွာမှ ၂ မိုင်ခန့် ကွာဝေးသည်။

ပြစ်မှုကျူးလွန်သူများမှာ သေဆုံးသူအမျိုးသမီး၏ လက်ကိုင်ဖုန်းယူထားသော စစ်သား ၃ ဦးသာဖြစ်နိုင်ကြောင်း နောက်ထပ် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

“အဲဒီနေရာမှာက ဘယ်သူမှ သိပ်မသွားရဲဘူး။ သူတို့ (စစ်တပ်) ပဲ ရှိတဲ့နေရာဖြစ်တယ်။ ဒါပေမယ့် သက်သေမရှိတော့ ဘယ်သူဆိုတာ တပ်အပ်ပြောဖို့ ခက်နေတယ်” ဟု ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို လက်ရှိတွင် ဗန်းမော်ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး အမှုတည်ဆောက်စစ်ဆေးရေးပြုလုပ်ရန် ရဲတပ်ဖွဲ့က ပြင်ဆင်နေကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီးတွင် ခင်ပွန်းသည်နှင့် သားတစ်ဦးရှိကြောင်း သိရသည်။

နွမ်းလန့်ကျေးရွာသည် ပြီးခဲ့သည့် ၂ လကျော်ခန့်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သော နေရာဖြစ်သည်။

လက်ရှိတွင်လည်း KIA ၏ အလောဘွမ်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် အာဏာသိမ်းစစ်တပ် အင်အား ထောင်ဂဏန်းသည် မြို့သစ်၊ ကုန်းလော၊ နွမ်းလန့်၊ ဒေါ့ဖုန်းယန် တစ်ကျောတွင်ရှိနေကြောင်း သိရသည်။

 
 

 

 

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...