တောင်ကြီးမြို့နယ်ရှိ တချို့မြို့များ မီးကြိုးဖြတ်ခံရ

တောင်ကြီးမြို့နယ်ရှိ တချို့မြို့များ မီးကြိုးဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းရှိ တစ်ချို့မြို့များ မီတာခမပေးဆောင်သဖြင့် မီးကြိုးဖြတ်ခံရကြောင်း စုံစမ်းသိရသည်။

လက်ရှိ မီးမီတာမဆောင်သည့် တောင်ကြီးမြို့နယ်ရှိ ရွှေညောင်မြို့နှင့် ညောင်ရွှေမြို့မှနေအိမ်များ မီးကြိုးဖြတ်ခံရကြောင်း သတင်းရရှိသည်။

ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် မီတာဖတ်လာသည့် ဝန်ထမ်းတစ်ဦးသည် မီတာများပေးဆောင်ကြရန်၊ မဆောင်ပါက မီတာကြိုးကို ဖြတ်ပစ်မည် ခြိမ်းခြောက်ပြောဆိုပြီး မီးကြိုးကို တက်ဖြတ်လိုက်ကြောင်း အမည်မဖော်လိုသည့် ညောင်ရွှေမြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မီတာဆောင်ဖို့ လာပြောဝောာ့ ခုချက်ချင်းမဆောင်ရင် မီတာဖြတ်မယ်ဆိုပြီး အိမ်ရှေ့က ဓါတ်တိုင်ကိုတက်ပြီး ချက်ချင်းဖြတ်သွားတယ်၊ ချက်ချင်းသွားဆောင်ပေး မဆောင်ရင် မီတာကြိုးအဖြတ်ခံရမယ်ဆိုပြီး လေသံမာမာနဲ့ပြောသွားတယ်” ဟု ညောင်ရွှေမြို့နေ ပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါ မီတာဖတ်ဝန်ထမ်းများ ယူဆောင်လာသည့် မီတာစာရွက်များသည်လည်း အရည်အသွေး အချက်အလက်များ ဘာမှမပါရှိသည့် ပလာစာရွက်ပေါ်တွင် မီတာယူနစ်နှင့် ပေးဆောင်ရမည့် ငွေပမာဏများကိုသာ ရေးသားထားသည့် စာရွက်သာဖြစ်ကြောင်းလည်း သိရသည်။

“ကျမတို့အိမ်မှာ မီတာဆောင်ဖို့ကျတော့ လာပြောပြီး မီတာစာရွက်တော့ မပေးဘူး၊ မေးတော့ ရုံးမှာသွားတောင်းပါတဲ့၊ ရုံးကလူတွေကိုသွားမေးတော့ ရပ်ကွက်ရုံးကို အကုန်ပေးလိုက်ပြီတဲ့၊ မီတာခ ဘယ်လိုဆောင်ရမလဲဆိုတော့ စာရွက်ပေါ် ချရေးပေးလိုက်တာ” ဟု ညောင်ရွှေမြို့နေ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူပင် ယမန်နေ့ နေ့လည်ပိုင်းအချိန်တွင် ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်အတွင်း ဇူလိုင်လ ၂၅ ရက်နောက်ဆုံးထားပြီး မီတာခများပေးဆောင်ပေးရန်နှင့် မပေးဆောင်ပါက မီတာကြိုးဖြတ်ခံရမည်ဟု မီတာဖတ်သည့် ဝန်ထမ်းက ခြိမ်းခြောက်ပြောဆိုသွားကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံမှု တတိယလှိုင်းကြောင့် ပြည်သူများ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် အဖက်ဖက် ခက်ခဲနေချိန်တွင် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းများ၊ မီတာဖတ်ဝန်ထမ်းများက ဤကဲ့သို့ ပြည်သူများကို မီတာခပေးဆောင်ရန် ဖိအားပေး ခြိမ်းခြောက်ပြောဆိုမှုများသည် မပြုလုပ်သင့်ကြောင့် မအင်းသူလေး (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စားဖို့တောင် အနိုင်နိုင်ရုံးကန်နေရတဲ့ အခုလိုချိန်မှာ ဒီလိုခြိမ်းခြောက်တောင်းဆိုတာ မလုပ်သင့်ပါဘူး၊ ပြည်သူတွေကို သနားညှာတာတယ်ဆိုရင် အခုလိုချိန်မှာ ပြည်သူတွေ ဘယ်လိုနေရတယ်၊ ဘယ်လို ရှာဖွေစားသောက်နေရလဲဆိုတာ လေ့လာတတ်ရမယ်လို့မြင်တယ်၊ ကျမတို့ ညောင်ရွှေမြို့က နိုင်ငံခြားသားတွေနဲ့ အဓိက မှီခိုလုပ်ကိုင်ကြတာလေ၊ အခုဆို အဆင်မပြေမှုတွေက အများကြီးပါ” ဟု ၎င်း၏အမြင်ကို ပြောပြသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...