ဗလမင်းထင်တံတားအနီး သစ်သီးရောင်းသည့် အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိကာ သေဆုံး

ဗလမင်းထင်တံတားအနီး သစ်သီးရောင်းသည့် အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိကာ သေဆုံး

ဝိုင်းမော်-မြစ်ကြီးနား ဗလမင်းထင်တံတား တိုးဂိတ်အနီးတွင် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်၏ သေနတ်ပစ်ခတ်မှုကြောင့် တိုးဂိတ်အနီး သစ်သီးရောင်းသည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

"ကျည်ထိတော့ သွေးထွက်လွန်ပြီး မနေ့ညက သေသွားတယ်လို့ကြားရတယ်။ ဘယ်ချိန်သေတာလဲတော့ မသိဘူး။ အလောင်းက တပ်ဆေးရုံမှာဆိုတော့ ကျမတို့ မသိရဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျည်ထိမှန်သေဆုံးသွားသည့် အမျိုးသမီးသည် မိုင်းနား မခေါယာန်ကျေးရွာမှ မမီးဆိုသူဖြစ်ကြောင်း သိရသည်။

"အလောင်းကတော့ ဒီမနက် တပ်ဆေးရုံကနေ အိမ်ကိုယူလာတော့မယ်လို့တော့ ကြားတယ်" ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ ဇူလိုင် ၇ ရက် ယမန်နေ့ ညနေ ၅ နာရီဝန်းကျင် ဝိုင်းမော်ဘက်မှလာသည့် ကားတစ်စီးကို စစ်ဆေးရန်အတွက် တားရာတွင် ရပ်နားပေးခြင်းမရှိသည့်အတွက် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ ကားမထိဘဲ လမ်းဘေးဈေးရောင်းသည့် အမျိုးသမီးအား ကျည်ထိမှန်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဗလမင်းထင်တံတားအနီး တိုးဂိတ်တွင် ဇွန်လ ၂၃ ရက်ညက ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း စစ်တပ်က ယခုလို မသင်္ကာသဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...