ကလောမြို့ ကိုဗစ်-၁၉ လူနာများလာ၊ ကျန်းမာရေးဆိုင်ရာအခက်အခဲ ကြုံတွေ့နေရ

ကလောမြို့ ကိုဗစ်-၁၉ လူနာများလာ၊ ကျန်းမာရေးဆိုင်ရာအခက်အခဲ ကြုံတွေ့နေရ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်နေ့ထက်တစ်နေ့ တိုးပွားလာပြီး၊ ကျန်းမာရေးဝန်ထမ်းအင်အား နည်းနေသဖြင့် အခက်အခဲများကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့အထိ ကလောမြို့နယ်အတွင်း ကိုဗစ်–၁၉ အတည်ပြုလူနာ (၆၇) ဦးရှိနေပြီး၊ ကျန်းမာရေးစောင့်ရှောက်ပေးမည့် ဝန်ထမ်းမရှိသည့်အတွက် ဒေသခံများ အခက်ခဲများစွာကြုံနေကြာင်း ကလောဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုကျနော်တို့ဆီမှာ ပိုးတွေ့လူနာတွေ ဒီလောက်များလာတာကို ဘာတားမြစ်ထုတ်ပြန်ချက်မှ မရှိလာဘူး၊ အထက်ကလည်း ဘာမှ စီမံဆောင်ရွက်ပေးခြင်းမရှိဘူး၊ မြို့ကြီးကို ပုံမှန်လည်ပတ်ခိုင်းစေတယ်တဲ့” ဟု ၎င်းကပြောသည်။

ကလောမြို့ ကိုဗစ်–၁၉ ရောဂါ ဒေသတွင်းကူးစက်ခံရသူများအနက် Non-CDM ကျောင်းဆရာမတစ်ယောက်နှင့် ပညာရေးမှူးတစ်ယောက်တို့ ပါ ကူးစက်ခံရသော်လည်း စာသင်ကျောင်းအား ပိတ်ပင်ခြင်းမရှိဘဲ ကလေးများကို ကျောင်းတက်လာခိုင်းကြောင်း သိရသည်။

“ဆရာမတစ်ယောက် ကိုဗစ်ပိုးတွေ့တယ်၊ ကျောင်းက ပုံမှန်အတိုင်း ဖွင့်မြဲဖွင့်လျက်ပဲ၊ ပြီးတော့ ပညာရေးမှူးက ကိုဗစ်ပိုး ကူးစက်ခံရတယ်၊ အဲ့သူစာသင်တဲ့အခန်းကိုသာ (၅) ရက်ပိတ်ပြီးတော့ ကျန်တာတွေက ဘာမှမဖြစ်သလိုပဲ။ ပြီးတော့ ကျောင်းတွေကို ပုံမှန်အတိုင်း ဖွင့်ပြန်တယ်” ဟု ကလောမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကလောမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးအတွက် ကွာရန်တင်းစင်တာမရှိသောကြောင့် နေအိမ်တွင်း ကွာရန်တင်းသာထားရှိရပြီး ကြီးကြပ်သူမရှိသည့်အပြင် ပိုးတွေ့လူနာများထားရှိရာ အောင်ပန်း မိုးကုတ်ရိပ်သာမှာလည်း လာရောက်ကြီးကြပ်သူအဖြစ် ကြက်ခြေနီအသင်းနှင့် ပရဟိတသမားများသာရှိကြောင်း ကလောမြို့မှ ပရဟိတတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခက်တာက နည်းလမ်းကျကျ ကြီးကြပ်ပေးမယ့် ဆရာဝန်တွေမရှိဘူး။၊ ပြီးတော့ ပရဟိတသမားတွေလည်း အရင်ကလောက် မများတော့ဘူး၊ ဒါကို အထက်က စီစဉ်ဆောင်ရွက်ပေးမှု ဘာမှမရှိဘူးဆိုရင် အားလုံး ဒုက္ခရောက်ကုန်တော့မယ်” ဟု ၎င်းကပြောသည်။

လက်ရှိ ကလောပြည်သူ့ဆေးရုံတွင်လည်း ကျန်းမာရေးဝန်ထမ်းအင်အား နည်းပါးနေသည့်အတွက် လူနာ (၅) ဦးဝန်းကျင်ခန့်သာ လက်ခံကုသပေးပြီး အောက်စီဂျင်လိုအပ်သော လူနာများကို တောင်ကြီးသို့ ပို့ဆောင်ရကြောင်း ကလောမြို့ဒေသခံများ ပြောပြချက်အရ သိရသည်။

 
 

 

 

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...