စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဇွန်လ ၂၃ ရက်ညက စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ပြီး အလောင်းကို သေနတ်ဒဏ်ရာများဖြင့် ယနေ့မနက်တွေ့ရှိရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ဒေသခံတစ်ဦးက “မနေ့ညက တောင်ဖီလာဝန်ထမ်းအိမ်ရာအနီးမှာ ည ၈ နာရီဝန်းကျင်လောက်က အပစ်ခံရတယ်လို့သိရတယ်၊ အလောင်းကိုတော့ ချောင်းမှာပစ်ထားခဲ့ကြတယ်လို့သိရတယ်၊ ဒီမနက်မှဘဲတွေ့ကြတယ်၊ အခု အလောင်းက အိမ်ရောက်ပြီ အလောင်းမှာ သေနတ်ဒဏ်ရာ လေးချက်တွေ့ရတယ်၊ ကျည်ကလည်း စစ်တပ်ကျည်တွေဖြစ်တယ်လို့ သိရတယ်” ဟု ပြောသည်။
သေဆုံးသွားသူမှာ အသက် (၂၄) အရွယ် ကလေးတစ်ဦး၏ဖခင်ဖြစ်ပြီး ကလေးမြို့ တောင်ဇလပ်ရပ်ကွက် နယ်မြေ ၆ တွင်နေထိုင်သည့် ဆလိုင်းငွန်နေပြန်ဖြစ်ပါသည်။
တောင်ဖီလာ ဝန်ထမ်းအိမ်ရာအနီး နေထိုင်သူတစ်ဦးက “မနေ့ညက ဝန်ထမ်းအိမ်ရာအနားမှာ သေနတ်သံ လေးငါးချက် အကျယ်ကြီးကြားခဲ့ရတယ်၊ အဲဒီဝန်ထမ်းအိမ်ရာမှာလည်း စစ်သားတွေရှိတယ်” ဟု ပြောသည်။
သေဆုံးသွားသူ ဆလိုင်းငွန်နေပြန်၏အလောင်း ၄င်းနေအိမ်တွင် ရောက်ရှိပြီဖြစ်ပြီး မြေမြှုပ်သဂြိုလ်ခြင်းကိုလည်း ဒီကနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် လုပ်ဆောင်သွားမည်ဟု သိရသည်။







