သျှမ်းလူ့အခွင့်အရေးနေ့ ဖယောင်းတိုင်းမီးထွန်းပြီး ကမ်ပိန်းပြုလုပ်မည်

သျှမ်းလူ့အခွင့်အရေးနေ့ ဖယောင်းတိုင်းမီးထွန်းပြီး ကမ်ပိန်းပြုလုပ်မည်

စစ်အာဏာရှင်မှ သျှမ်းပြည်သူလူထုကို ရက်စက်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာ နှစ်ပေါင်း ၂၄ နှစ် ကြာရှိခဲ့ပါပြီ။

၁၉၉၇ ဇွန်လ ၁၆ ရက်နေ့မှာ ဖက်ဆစ်စစ်တပ်ရဲ့ ဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင့် သျှမ်းပြည်ရှိ ကွန်ဟိန်းမြို့နယ် ကျိုင်းလုံရွာမှာ ရွာသူ/ရွာသား ၂၇ ယောက်နှင့် ဆိုင်ခေါင်ရွာသား ၂၉ ဦးတို့သည် မြန်မာ့တပ်မတော် အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

လူမဆန်သည့် ဖက်ဆစ်စစ်တပ်တို့ရဲ့လုပ်ရပ်ကို မမေ့မလျာ့နှင့် တော်လှန်တိုက်ထုတ်ကာ မတရားခံခဲ့ရတဲ့ သျှမ်းပြည်သူများ တရားမျှတမှုရှိစေရေးအတွက် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU မှတစ်ဆင့် ကွန်ဟိန်းမြို့ပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံရသည် ဇွန်လ ၁၆ ရက်နေ့ကို သျှမ်းအမျိုးသားလူ့အခွင့်အရေးနေ့အဖြစ် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ သတ်မှတ်ခဲ့သည်။

ယနေ့ (ဇွန် ၁၆) ရက်သည် သျှမ်းလူ့အခွင့်အရေးချိုးဖောက်ခံရမှု (၂၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သျှမ်းကျောင်းသားလူငယ်များနှင့် ပြည်သူထူတို့ပူးပေါင်းပြီး ယနေ့ည (၇) နာရီမှာ ဖယောင်းတိုင်ဆီမီးထွန်းသည့် ကမ်ပိန်းလှုပ်ရှားမှုကို ပြုလုပ်ကြမည်။

“ဗမာ့စစ်တပ်ရဲ့ လူမဆန်တဲ့အပြုအမူတွေကို ကျနော်တို့မေ့မပစ်ဘူး၊ ဒါကြောင့်ဒီနေ့မှာ အသက်ဆုံးရှူံးသွားခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ ကွန်ဟိန်းပြည်သူတွေကို အောက်မေ့ဆုတောင်းပေးတဲ့ လှုပ်ရှားမှုအနေနဲ့ ကျနော်တို့ TSU က ဖယောင်းတိုင်လေးတစ်ချောင်းနဲ့ ဆီမီးထွန်းတဲ့ ကမ်ပိန်းပြုလုပ်ပါမယ်” ဟုသျှမ်းကျောင်းသားများသမ္မ၈မှ ဗဟိုကော်မတီတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရားမျှတမှုနှင့် လူ့အခွင့်အရေးကို တန်ဖိုးထားပြသသည့်အနေဖြင့် ပြည်သူများအားလုံး သျှမ်းကျောင်းသားများသမဂ္ဂနှင့်အတူ ဖယောင်းတိုင်မီးထွန်းကာ စစ်တပ်တို့၏ နိုင်ထက်စီးနင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မမေ့ကြောင်းပြသရန်လည်း မျှော်လင့်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိအခြေအနေများကလည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲများ၏ တွေ့ရာမရှောင် ရက်ရက်စက်စက် တိုက်ခိုက်မှုကြောင့် သျှမ်းပြည်သာမက မြန်မာပြည်သူများက အစားငတ်မွတ်မှုဒဏ်၊ ရောဂါဘေးဒဏ်၊ တိုက်ပွဲဒဏ်များကြောင့် လူအများအပြား အသက်ဆုံးရှုံးရမယ့်အန္တရာယ်မျိုး ရောက်နေကြောင်းကို ပြည်သူများ မျက်မြင်ကိုယ်တွေ့နေပြီးဖြစ်သည်။

“အခုဆိုလည်း အာဏာသိမ်းတဲ့ စစ်သားတွေကိုယ်တိုင်က အရပ်သားအယောင်ဆောင်ပီး ဆူပူအောင်ဖန်တီးမှု တွေပြုလုပ်ခဲ့တယ်၊ ဓားထိုးမှုတွေနဲ့ အဖွဲ့လိုက် ဝိုင်းရိုက်တာတွေ ကျူးလွန်ခဲ့ပါတယ်၊ ဒီလိုမျိုးတွေဟာ ကျမတို့ တိုင်းရင်းသားတွေ နှစ်ပေါင်း (၇၀) ကျော် ခံစားခဲ့ရတာပေါ့၊ ဒါဟာစစ်တပ်ရဲ့ယုတ်မာမှု မဟုတ်ပါဘူးလို့ ဘယ်သူငြင်းရဲလဲ” ဟု သျှမ်းလူငယ်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နှစ်ပေါင်းများစွာကြာခဲ့ပေမယ့် အခုလိုမျိုး ရက်ရက်စက်စက် နှိပ်စက်ခံခဲ့ရတဲ့ အဖြစ်အပျက်များ ယခုထက်တိုင် ရှိနေသေးသလို ကိုယ့်ပြည်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်မရှိတဲ့အတွက် တရားမျှတမှုသည်လည်း ပျောက်ဆုံးနေဆဲပဲ၊ ဒါတွေကို အမြဲအမှတ်ရနေဖို့ TSU ကလုပ်တဲ့ ဖယောင်းတိုင်မီးထွန်းတဲ့ ကမ်ပန်းမှာပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု သျှမ်းလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယနေ့ကျရောက်သည့် သျှမ်းအမျိုးသားလူ့အခွင့်အရေးနေ့တွင် သျှမ်းကျောင်းသားများသမဂ္ဂ (TSU) အနေဖြင့် သျှမ်းနိုင်ငံရေးခေါင်းဆောင်များနှင့်အတူ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ရန်၊ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ သွေးစည်းကြရန်၊ စစ်ဘေးရှောင်တိုင်းရင်းသားများကို စာနာဖေးမကူညီရန်နှင့် တိုင်းရင်းသားများအားလုံး အတူတကွလက်တွဲပြီး စစ်ကောင်စီကို တော်လှန်တိုက်ထုတ်ရန် လိုအပ်ကြောင်းလည်း ပြောဆိုတိုက်တွန်းထားသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...