မန်ပန်ပြည်သူ့စစ် တန့်ယန်းမြို့ပေါ်ရပ်ကွက်ထိ စစ်သားစုဆောင်းနေ

မန်ပန်ပြည်သူ့စစ် တန့်ယန်းမြို့ပေါ်ရပ်ကွက်ထိ စစ်သားစုဆောင်းနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့အခြေစိုက် မန်ပန်ပြည်သူ့စစ်သည် တန့်ယန်းမြို့ပေါ် ရပ်ကွက်လုံခြုံရေး အကြောင်းပြချက်ဖြင့် တပ်သားများစုဆောင်းနေကြောင်း စုံစမ်းသိရသည်။

မေ ၁၁ ရက်တွင် မန်ပန်ပြည်သူ့စစ်က တန့်ယန်းမြို့ပေါ်ရှိ ရပ်ကွက်လူကြီးများကို အစည်းအဝေးခေါ်ယူပြီး တပ်သားစုဆောင်းပေးရန် တောင်းဆိုခဲ့ကြောင်း၊ တပ်သားများ မပေးနိုင်ပါက တစ်ဦးလျှင် မြန်မာငွေကျပ် သိန်း (၂၀) ပေးဆောင်ရမည်ဟု တန့်ယန်းဒေသခံများ ပြောပြချက်အရ သိရသည်။

တန့်ယန်မြို့ပေါ်တွင် ရပ်ကွက် (၆) ရပ်ကွက်တွင် ရာအိမ်မှူး (၁၂) ယောက်ရှိကာ မန်ပန်ပြည်သူ့စစ်ကို စစ်သားသစ် အယောက် (၁၄) ယောက်ပေးရမည်ဖြစ်ကြောင်း သိရသည်။

“ရပ်ကွက် (၆) မှာ ရာအိမ်မှူး ၁၂ ယောက်ရှိတယ်။ (ဝိန်းလောင်းနဲ့ မန့်လွယ်အပါအဝင်) အဲ့ရာအိမ်မှူး (၁၂) ယောက်ကို စစ်သားသစ် တယောက်စီပေးဖို့တောင်တာပါ။ အဲ့ဝိန်းလောင်းနဲ့ မန့်လွယ်က (၂) ယောက်စီပေးရတယ်။ မပေးနိုင်ရင်တော့ တယောက်ကို ကျပ်ငွေ သိန်း (၂၀) ပေးရမယ်” ဟု တန့်ယန်းဒေသခံတစ်ဦးက ရှင်းပြသည်။

အဆိုပါ တန့်ယန်းမြို့ပေါ်ရပ်ကွက်အထိ တပ်သားစုဆောင်းတောင်းခံနေသည့် မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်းဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲအနိုင်ရရှိခဲ့လျှင် ၎င်း၏နယ်မြေအတွင်း စစ်သားစုဆောင်းကောက်ခံမှုများမရှိအောင် လုပ် ဆောင်သွားမည်ဟု ကတိကဝတ်ပေးခဲ့သည်။

“မန်ပန်ပြည်သူ့စစ်က တပ်သားကောက်ခံစုဆောင်းတယ်ဆိုတာ အမှန်ပါ၊ သူတို့ပြောပြချက်အရတော့ ရပ်ကွက်လုံခြုံရေးအတွက် တစ်ရပ်ကွက် တစ်ယောက်နှုန်းနဲ့ စစ်သင်တန်းလာတက်ပါ၊ သင်တန်းပြီးရင်လည်း သက်ဆိုင်ရာရပ်ကွက်မှာပဲ လုံခြုံရေးပြန်လုပ်ရမှာ ဖြစ်ပါတယ်” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိမှာ တန့်ယန်းမြို့ပေါ်တွင် ခိုးမှု၊ လုယက်မှုများရှိနေသဖြင့် လုံခြုံရေးအတွက်ကြောင့် စစ်သင်တန်းပေးရခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

မန်ပန်ပြည်သူ့စစ်အဖွဲ့သည် တန့်ယန်းမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို သတ်မှတ်ထားသည့် တပ်သား သို့မဟုတ် တပ်သားတစ်ဦးအစား ငွေကျပ် သိန်း ၂၀ ကို ၁၅ ရက်နောက်ဆုံးထားပြီး လာရောက်အပ်နှံရန် အမိန့်ပေးထားကြောင်း သိရသည်။

အဆိုပါဒေသအတွင်းတွင် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် မန်ပန်ပြည်သူ့စစ်တို့ လှုပ်ရှားသည့်နေရာဖြစ်သည်။

 
 

 

 

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...