သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများအားလုံး CDM ဝင်၊ အလုပ်နားကြရန် ကချင်လွတ်လပ်ရေးတပ်မတော်တပ်ဖွဲ့ (KIA/KIO) က စာထုတ်ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။
ဇွန်လ ၆ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အရှေ့ဘက် မိုင် ၃၀ ခန့်အကွာရှိ မိုင်းယော်တိုက်နယ် နောင်ပစ်ကျေးရွာတွင် အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာလူကြီးများအပါအဝင် ရွာသူ/ရွာသား ၂၀၀ ခန့်ကို KIA/KIO က အစည်းအဝေးခေါ်ပြီး မိုင်းယော်မြို့နယ်အတွင်းရှိ အုပ်စုအုပ်ချုပ်ရေးမှူးများအားလုံးကို လက်ရှိတာဝန်မှရပ်နားရန် ညွှန်ကြားကြောင်း သိရသည်။
“၆ ရက်နေ့ကစပြီး KIO/KIA က မိုင်းယော်မြို့နယ်ထဲမှာရှိနေတဲ့ အုပ်စုအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူတွေ့ဆုံပြီး တာဝန်ကနေ ရပ်နားခိုင်းတယ်၊ ရွာသားတွေကို ကော်မတီအသစ်ဖွဲ့ခိုင်းပြီးတော့ အုပ်စုအုပ်ချုပ်ရေးမှူး အသစ်ရွေးခိုင်းတယ်၊ ပြီးတော့ အုပ်စုအုပ်ချုပ်ရေးတံဆိပ်တုံးအားလုံးကိုလည်း သူတို့ကိုအပ်ဖို့ပြောတယ်” ဟု မိုင်းယော်တိုက်နယ်အတွင်းမှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိ တာဝန်ထမ်းဆောင်နေသော မိုင်းယော်မြို့နယ်အတွင်းရှိ အုပ်စုအုပ်ချုပ်ရေးမှူးများအားလုံးသည် ပြည်သူမှ ရွေးကောက်တင်မြှောက်ထားသူများဖြစ်သည့်အတွက် ညွှန်ကြားချက်အတိုင်းသာ လုပ်ဆောင်မည်ဆိုပါက ပြည်သူများ ပိုမိုခက်ခဲကြပ်တည်းမည်ကို စိုးရိမ်ရကြောင်းလည်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“လက်ရှိ ကျနော်တို့ရဲ့ အုပ်စုအုပ်ချုပ်ရေးမှူးက စစ်ကောင်စီတွေ ရွေးထားတဲ့သူတွေ မဟုတ်ပါဘူး၊ ကျနော်တို့ ပြည်သူတွေကနေ တင်မြှောက်ထားတဲ့သူတွေပဲဖြစ်တယ်၊ အခု KIO/KIA ခိုင်းသလို အုပ်စုအုပ်ချုပ်ရေးမှူးတွေက CDM လုပ်ခိုင်းပြီး အုပ်ချုပ်ရေးမှူးအသစ်တင်လိုက်ရင် စစ်ကောင်စီက ကျနော်တို့ပြည်သူတွေကို ထင်တိုင်းကြဲပြီး နှိပ်စက်ကြမှာ” ဟု ၎င်းကပြောသည်။
KIO/KIA အနေဖြင့် အမိန့်ပေးညွှန်ကြားထားသလို လုပ်ဆောင်လျှင် လုံခြုံရေးအတွက် တာဝန်ယူကြောင်းနှင့် အကယ်၍ လိုက်နာလုပ်ဆောင်ခြင်းမပြုပါက အရေးယူအပြစ်ပေးခြင်းခံရမည်ဟု ဆိုသည်။
“KIO/KIA အခုလိုလုပ်တာက အုပ်စုအုပ်ချုပ်ရေးမှူးတွေမကဘဲ ရွာသူ/ရွာသားတွေကလည်း အခက်တွေ့စေပါတယ်၊ အုပ်စုအုပ်ချုပ်ရေးမှူးတံဆိပ်တုံးအားလုံးကို အပ်ဖို့ဆိုတာကလည်း သူတို့က အဲ့တံဆိပ်တုံးနဲ့ ဘာသွားလုပ်မလဲဆိုတာ တွေးစရာဖြစ်လာတယ်” ဟု မိုင်းယော်ဒေသခံ လူငယ်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
အုပ်စုအုပ်ချုပ်ရေးမှူးသစ် ရွေးကောက်တင်မြှောက်ပါက စစ်ကောင်စီတို့၏ မတရားဖမ်းဆီးမှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ခံရမည်ကို ဒေသခံများက စိုးရိမ်နေကြပါသည်။
ဇွန်လ ၁၀ ရက် နောက်ဆုံးသိရသည့်သတင်းအရ လက်ရှိတွင် မိုင်းကျက်၊ မိုင်းဟက်၊ မိုင်းတင်၊ မိုင်းယော်၊ မိုင်းယန်း အုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းတာဝန်ရပ်ထားရပြီးဖြစ်ကြောင်း၊ ဒေသတွင်း ကျန်းမာရေးဌာနများတွင်လည်း ၎င်းတို့မှ ကျန်းမာရေးဝန်ထမ်းများ ဖြည့်စွက်ခန့်အပ်ပေးမည်ဟု ပြောဆိုထားကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပက်သက်ပြီ မိုင်းယော်တိုက်နယ်အတွင်း သွားလာလှုပ်ရှားနေသည့် KIO/KIA တာဝန်ရှိသူများနှင့် အဆက်အသွယ်ရရှိနိုင်ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း ဆက်သွယ်နိုင်ခြင်းမရှိပါ။







