တန့်ယန်းမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့များမှ စစ်သားစုဆောင်းနေ

တန့်ယန်းမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့များမှ စစ်သားစုဆောင်းနေ

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင် တန့်ယန်းမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များ စစ်သားစုဆောင်းမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ထိုဒေသအတွင်းတွင် မေလနောက်ဆုံးပတ်မှစတင်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်း (ပလောင်) တပ်မတော် (TNLA)၊ ကိုးကန့်ဒေသ (MNDAA) နှင့် ဗိုလ်မွန်းဦးဆောင်သည့် ဝမ်ပန်ပြည်သူ့စစ်တို့ စစ်သားစုဆောင်းနေကြောင်း သတင်းရရှိသည်။

သို့သော် တန့်ယန်းမြို့နယ်အတွင်း နေထိုင်သည့်သူများသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွင် စစ်သားမလုပ်ချင်သဖြင့် ဝမ်ပန်ပြည်သူ့စစ်ထဲသို့ ဝင်ရောက်သွားကြကြောင်း မိုင်းတွမ်းဒေသခံများက ပြောသည်။

“ခုလက်ရှိ လူသစ်စုဆောင်းတာက ပလောင်နဲ့ ကိုးကန့်။ သျှမ်းတပ်တွေလည်း ကောက်တယ်။ ဒေသခံတွေတော့ မြို့ထဲကို ထွက်ပြေးကုန်ပြီ။ တစ်ချို့လည်း စစ်သားလုပ်ရမှာကြောက်လို့ ပြည်သူ့စစ်ထဲဝင်ကြတယ်” ဟု ထွက်ပြေးနေသည့် မိုင်းတွမ်းဒေသခံတဦးက ပြောသည်။

တန့်ယန်းမြို့နယ်အတွင်းနေထိုင်သည့် သျှမ်းလူမျိုးများသည် သျှမ်းတပ်ထဲသို့ဝင်ရန် ဆန္ဒရှိကြကြောင်း၊ သို့သော် သျှမ်းလက်နက်ကိုင် (၂) တပ် အချင်းချင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် သျှမ်းတပ်ထဲမဝင်ရခြင်းဖြစ်ကြောင်း မိုင်းတွမ်းဒေသခံ အမျိုးသမီးတဦးက ပြောသည်။

”ကျမရဲ့သားတွေကို သျှမ်းစစ်သားပဲလုပ်စေချင်တယ်။ ဒါပေမယ့် သျှမ်းစစ်သားလုပ်ရင်လည်း ကိုယ့်လူမျိုးအချင်းချင်း ပြန်ပစ်ရမှာကြောက်လို့ အဲ့ကြောင့် ထွက်ပြေးတာပါ” ဟု မိုင်းတွမ်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သျှမ်းတပ် (SSPP/SSA) သည် ၂၀၂၀ ခုနစ်မှစတင်ကာ တန့်ယန်းမြို့နယ်ရှိ ကျေးရွာများထဲ ပိုမိုလှုပ်ရှားလာကြကြောင်း SSPP ၏ တန့်ယန်းနယ်မြေ အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကျနော်တို့ မသွားလှုပ်ရှားရင် တခြားအဖွဲ့တွေက ပိုပြီးလှုပ်ရှားလာမယ်။ ဒါကြောင့် ကျနော်တို့ ၂၀၂၀ ကစပြီး အဲ့ဘက်ပိုင်းကို ပြန်လှုပ်ရှားလာတယ်။ ငွေတွေ ဆန်တွေ လူတွေ တောင်းတာကတော့ စစ်တပ်တိုင်းရဲ့ ပေါ်လစီဖြစ်တယ်။ အသက် (၁၈) နှစ်ပြည့်ရင် ဘယ်သူမဆို စစ်သင်တန်းတက်ရမှာပါ” ဟု SSPP အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အသက် (၁၈) နှစ်ပြည့်သူတိုင်း လက်နက်ကိုင်တပ်ဖွဲ့အတွင်းသို့ဝင်ရာက်ရန် ပေါ်လစီရှိထားသော်လည်း ငွေကြေးအဆင်ပြေသည့် မိသားစုဝင်တချို့ လက်နက်ကိုင်တပ်ဖွဲ့ထဲမဝင်ပါက တစ်ဦးလျှင် သိန်း (၄၀) မှ (၅၀) ထိ လူငှားပြီး အစားထိုးနေကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...