ကျေးသီးမြို့နယ် RCSS နှင့် SSPP တိုက်ပွဲဖြစ်၊ ဒေသခံ (၂၀၀) နီးပါး ထွက်ပြေးနေရ

ကျေးသီးမြို့နယ် RCSS နှင့် SSPP တိုက်ပွဲဖြစ်၊ ဒေသခံ (၂၀၀) နီးပါး ထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၂၀၀) နီးပါး ကျေးသီးမြို့နယ် နောင်ဆွမ်းကျေးရွာ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန် ၁) ရက် မနက်ပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့သည် ကျေးသီးမြို့နှင့် ၃ မိုင်အကွာရှိ ဟိုပုံကျေးရွာအုပ်စုတဝှိက်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်လာရကြောင်း သတင်းရရှိသည်။

ထိုစစ်ဘေးရှောင် (၂၀၀) နီးပါးသည် ကျေးသီးမြို့နယ် ဟိုပုံကျေးရွာအုပ်စု မတ်ဝေါင်းရွာ၊ နောင်ဆွမ်းကျေးရွာအုပ်စု နားဟျိုးကျေးရွာနှင့် ဝမ်လတ်ကျေးရွာမှ ဒေသခံများဖြစ်ကြောင်း သိရသည်။

“မနေ့က မနက် (၇) နာရီလောက် သေနတ်သံစကြားရတယ်။ ထိတ်လန့်လို့ ထွက်ပြေးလာရတယ်။ တချို့ အဝတ်အစားတောင်မရဘူး။ ဒီမှာက အမျိုးသမီးနဲ့ ကလေးအများစုဖြစ်တယ်” ဟု စစ်ရှောင်လာသည့် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ရှောင်လာသည့်သူများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မွေးဖွားစမိခင်များ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်းပါကြောင်း စစ်ရှောင်များက ပြောသည်။

တိုက်ပွဲကြောင့် ရုတ်တရက်ထွက်ပြေးလာရသည့်အတွက် အဝတ်အစားမပါလာသည့် သူများလည်းရှိကြောင်း၊ ထိုကျေးရွာထဲတွင် အမျိုးသားများကအစ ပေါ်တာဆွဲခံရမည်ကိုစိုးရိမ်သဖြင့် ထွက်ပြေးလာကြကြောင်းလည်း သိရသည်။

“တချို့ ဒီဘုန်းကြီးကျောင်းကိုရောက်လာတာ အဝတ်အစားအပိုတွေ အသုံးအဆောင်တွေ မပါခဲ့သူတွေရှိတယ်၊ ကျနော်တို့ ထွက်ပြေးလာတဲ့အထဲမှာ တစ်ရက်ပဲရှိသေးတဲ့ မွေးကင်းစကလေးမိခင် နှစ်ယောက်ပါတယ်၊ အခုဆို ရွာထဲမှာ အမျိုးသားတွေလည်း မနေရဲကြတော့ဘူး၊ ပေါ်တာဆွဲခံရမှာစိုးလို့ ထွက်ပြေးကြကုန်ပြီ” လို့ စစ်ရှောင်လာသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအခြေအနေအရ စစ်ရှောင် (၂၀၀) နီးပါးအတွက် စားဝတ်နေရေး အခက်အခဲမရှိသေးကြောင်း၊ ထိုစစ်ရှောင်များကို ဘုန်းကြီးကျောင်း အနီးရှိ ပြည်သူများက လာရောက်ကူညီပေးနေကြောင်း၊ တိုက်ပွဲ ရက်ရှည်ကြာမည်ဆိုပါက အခက်အခဲများစွာ ရင်ဆိုင်ရမည်ဟုလည်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့်သူများက ပြောသည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲရပ်တန့်ရန်အတွက် သျှမ်းပြည်သူများ၊ သျှမ်းသံဃာများက မကြာခဏ တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ တိုက်ပွဲရပ်တန့်ခြင်းမရှိဘဲ ဆက်လက် တိုက်ခိုက်နေသေးသဖြင့် ပြည်သူများက စိတ်မကောင်းဖြစ်နေကြောင်း သိရသည်။

“ကျနော်တို့ အကြိမ်ကြိမ် ပြောဆိုခဲ့တယ်။ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် သျှမ်းတပ် (၂) တပ်က ကျနော်တို့ပြည်သူတွေစကားကို နားမထောင်ဘူး။ အခုကျနော်တို့ပြည်သူတွေက အာဏာရှင်ကို တိုက်နေချိန် ညီနောင်တပ် (၂) တပ်ကို အားကိုးရမယ့်ချိန်မှာ သူတို့အချင်းချင်းတိုက်နေတော့ ကျနော်တို့ ဘယ်သူ့ကို အားကိုးရမှာလဲ” ဟု သျှမ်းပြည်သူတစ်ဦးက ပြောသည်။

သျှမ်းတပ် (၂) တပ်သည် ယနေ့ (ဇွန် ၂) ရက်အထိ အချင်းချင်း ပစ်ခတ်သံကြားနေသေးကြောင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...