ပင်လုံဈေးမီးလောင်မှာ စိုးရိမ်သဖြင့် ကုန်ပစ္စည်းများ နေအိမ်သို့ပြောင်းရွှေ့

ပင်လုံဈေးမီးလောင်မှာ စိုးရိမ်သဖြင့် ကုန်ပစ္စည်းများ နေအိမ်သို့ပြောင်းရွှေ့

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့မဈေး မီးလောင်မည်ကိုစိုးရိမ်သဖြင့် ဈေးသည်များက ကုန်ပစ္စည်းများကို နေအိမ်သို့ ပြန်လည်သယ်ဆောင်နေရကြောင်း စုံစမ်းသိရှိရသည်။

မြန်မာပြည်အနှံ့ ယခုရက်ပိုင်း မြို့မဈေးတွင် ဗုံးပေါက်ခြင်း၊ မီးလောင်းခြင်းများ ဆက်တိုက်ဖြစ်နေသဖြင့် ပင်လုံဒေသခံများလည်း ဈေးမီးလောင်မည်ကို စိုးရိမ်မှုများစွာရှိနေကြသည်။

ထို့အပြင် ယမန်နေ့ (ဇွန် ၁) ရက် ည (၁၀) နာရီဝန်းကျင်တွင် ပင်လုံမြို့မဈေးအနီးတဝှိက် စစ်ကောင်စီ၏ ကားများရောက်ရှိလာသဖြင့် ဈေးဆိုင်ခန်းပိုင်ရှင်များ စိုးရိမ်မှုကပိုလာပြီး ညအိပ်မပျော်သည့်အဆင့်ဖြစ်ခဲ့ရကြောင်း အသက် ၂၈ နှစ်အရွယ် ဈေးသည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မီးလောင်မှာကြောက်တယ်။ ဗုံးလာထောင်မှာလည်း ကြောက်တယ်ပေါ့နော်။ မနေ့ညက သတင်းအမျိုးမျိုးကြားရတော့ အသိတွေကို လိုက်မေးကြည့်တာ ဘယ်သူမှ အိပ်မပျော်ဘူး။ သတင်းကြားတော့ ဘယ်သူမဆို ဈေးထဲ ကိုယ့်ပစ္စည်းကို စိတ်ပူကြတယ်” ဟု အသက် ၂၈ နှစ်အရွယ် ဈေးသည်တစ်ဦးက ပြောသည်။

ထို့ကြောင့် ယနေ့ (ဇွန် ၂) ရက် မနက်ပိုင်း ဈေးသည်တစ်ချို့သည် တန်ဖိုးကြီးကုန်ပစ္စည်းများကို နေအိမ်သို့ ပြောင်းရွှေ့ထားခြင်း၊ ဈေးထဲတွင် အနည်းအကျဉ်းသာထားတော့ကြောင်း ကုန်စုံရောင်းသည့် အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့တော့ တစ်ချို့လည်း တန်ဖိုးကြီးတဲ့ပစ္စည်းတွေ အိမ်မှာ သိမ်းထားကြပြီ။ ဆိုင်မှာ အနည်းအကျဉ်းပဲ ပစ္စည်းတွေထားကြတော့တယ်။ တစ်ချို့ဆိုင်တွေဆိုရင်လည်း ပစ္စည်းတွေ အဆင်သင့် ထုတ်သိမ်းထားတာရှိတယ်။ ပြောလို့မရဘူး အခုအခြေနေက ဖြစ်လာရင်လည်း ချက်ချင်းသယ် ပြန်လို့ရအောင် အဆင်သင့်လုပ်ထားတယ်” ၎င်းဈေးသည်က ဆိုသည်။

သို့ပေမယ့် ယနေ့ ပင်လုံမြို့မဈေးသည် ဈေးများ မူလအတိုင်း အရောင်းအဝယ်ပြုလုပ်ကြသည်ကို သိရှိရသည်။

မေ (၂၈) ရက်တွင်လည်း ပင်လုံမြို့ရှိ အမှတ် (၂) အခြေခံ ပညာအလယ်တန်းကျောင်းခွဲဝန်းအတွင်း ဗုံး (၂) လုံး ပေါက်ကွဲသံကြားရပြီး၊ မေ (၃၁) ရက်ည ၁၁ နာရီဝန်းကျင်ခန့်တွင် လွိုင်လင်မြို့ရှိ အမှတ် (၂) မူလတန်းကျောင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ (၁) နေ့မှစတင်ပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဆန္ဒပြမှုများဖြစ်ခြင်း၊ အကြမ်းဖက်မှုများဖြစ်ခြင်း၊ ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်း၊ ဈေးမီးလောင်ခြင်းနှင့် စာသင်ကျောင်းများ ရပ်ကွက်ရုံးများ မကြာခဏမီးလောင်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

“ရွှေဘိုဈေးမီးလောင်တော့ ကျမတို့လည်း စိုးရိမ်ပြီး ပစ္စည်းတွေ အိမ်မှာထားထားတာရှိတယ်။ သတိဝိရီယ ထားထားတာတယ်” ဟု ပင်လုံဈေးသည်တစ်ဦးက ပြောသည်။

ရွှေဘိုဈေးမီးလောင်အပြီးတွင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မဈေးရှိ ကုန်သည်များသည်လည်း ကုန်ပစ္စည်းများကို နေအိမ်သို့ ပြောင်းရွေ့ခဲ့ကြောင်း သတင်းရရှိသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...