သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် ကျောင်းလာအပ်သည့် ကျောင်းသားများမှာ ဝန်ထမ်းတပ်မိသားစုဝင်များသာဖြစ်ကြောင်း စုံစမ်းသိရသည်။
မေ (၂၄) ရက်မှစတင်ပြီး စစ်ကောင်စီမှဖွင့်လှစ်မည့် အခြေခံပညာကျောင်းများကို ကျောင်းလာအပ်သည့် ကျောင်းသား/ကျောင်းသူများမှာ စစ်တပ်အသိုင်းအဝိုင်းနှင့် ဝန်ထမ်းမိသားစုများသာဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“ဒီလို နိုင်ငံရေးအခြေနေ ရှုပ်ထွေးနေတဲ့အချိန်မှာ ကျနော်တို့လည်း ကိုယ့်သားသမီးတွေကို ကျောင်းမသွားစေချင်သေးဘူး။ ဗုံးလည်းပေါက်တော့ လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ အိမ်ကကလေး ကျောင်းတစ်နှစ်အောက်ထားလည်း ဘာမှမဖြစ်ဘူး။ ဒီလိုအခြေနေနဲ့ ကျောင်းသွားရင် မိဘဖြစ်သူတွေလည်း စိတ်ပူရတယ်” ဟု မိုင်းကိုင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ယနေ့ မေ (၂၈) ရက်ထိ မိုင်းကိုင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က တွင် ကျောင်းလာအပ်သည့် ကျောင်းသား/ကျောင်းသူ (၆၀) ရှိပြီး၊ အ.ထ.က (ခွဲ) မဟတ်တွင် ကျောင်းသား (၈၀) ခန့်သာ ကျောင်းလာအပ်နှံကြောင်း စုံစမ်းသိရှိသည်။
ယမန်နေ့ မေ (၂၇) ရက်ည (၈း၁၆) မိနစ်ခန့်က မိုင်းကိုင်မြို့ ပညာရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ယနေ့ ကျောင်းလာအပ်သည့် ကျောင်းသား (၃) ဦးသာရှိကြောင်း သိရသည်။
“ဒီနေ့ အ.ထ.က ကျောင်းမှာ ကျောင်းလာအပ်တဲ့ ကလေး (၃) ယောက်ပဲရှိတယ်။ တစ်ချို့ ဆရာဆရာမ တွေ နေရပ်ပြန်သွားကြပြီ။ ကြောက်လို့ထင်တယ်” ဟု မိုင်းကိုင်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
မိုင်းကိုင်မြို့ရှိ ပညာရေးဝန်ထမ်းများလည်း စစ်အာဏာသိမ်းပြီးနောက် (CDM) ဘက်ပါဝင်လာသည်ကိုတွေ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။
“ဆရာတွေတောင် CDM လုပ်ကြတာပဲ။ ကျမတို့လည်း ကိုယ့်သားသမီးတွေကို ကျောင်းမအပ်ခြင်းဖြင့် CDM လုပ်တဲ့ ဆရာဆရာမ တွေကို ထောက်ခံတယ်။ ပြီးတော့ စစ်ကောင်စီကဖွင့်မယ့် ပညာရေးကိုလည်း ကျမတို့ အလိုမရှိဘူး” ဟု မိုင်းကိုင်ဒေသခံ ကျောင်းသားမိခင်တစ်ဦးက ပြောသည်။
ယခုရက်ပိုင်းတွင် သျှမ်းပြည်တွင်းရှိ စာသင်ကျောင်းများ ပညာရေးမှူးရုံးများအနီးတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကျောင်းလာအပ်သည့် ကျောင်းသားကျောင်းသူ များလည်းမတွေ့ရကြောင်း နည်းပါးလာကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်မှစတင်ပြီး စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံးရှိ ပညာရေးဝန်ထမ်းများ စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်နေကြောင်း သိရသည်။







