ပူတာအိုခရိုင်ဒေသအတွင်း ရွှေနှင့်သယံဇာများ တူးဖော်ခြင်းမပြုရန် ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ စာထုတ်

ပူတာအိုခရိုင်ဒေသအတွင်း ရွှေနှင့်သယံဇာများ တူးဖော်ခြင်းမပြုရန် ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ စာထုတ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဒေသတွင်းရှိ မလိခမြစ်နှင့် မြစ်လက်တက်များဖြစ်သည့် ရှန်ခ၊ ထီခ၊ ဒါခ၊ ဖတ်ခ၊ ရင်ခ၊ တန်ခ အစရှိသည့် နေရာများ၌ ရွှေနှင့် အခြားသဘာဝသယံဇာတများကို စက်ယန္တရားများဖြင့် တူးဖော်ခြင်းမပြုလုပ်ရန် ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ မေလ (၁) ရက်နေ့က စာထုတ်ပြန်လိုက်သည်။

ယင်းနေရာများတွင် စက်ယန္တရားများဖြင့် သဘာဝသယံဇာတများကို တူးဖော်မည့်သူများအား မည်သူမဆို မြေနေရာပြသခြင်း၊ ရောင်းပေးခြင်း၊ ငှားရမ်းပေးခြင်း၊ ထောက်ခံအားပေးပံ့ပိုးပေးခြင်းများ လုံးဝ (လုံးဝ) မပြုရန်နှင့် အထက်ပါအချက်များကိုဆောင်ရွက်သည့် မည်သူကိုမဆို အမည်ပျက်စာရင်းအဖြစ် တင်သွင်းမှတ်တမ်းတင်ထားရှိပြီး ကချင်လူမျိုးများအပါအဝင် နိုင်ငံတကာမှသိရှိအောင် ထုတ်ပြန်ကြေညာမည့်အပြင် လူမှုရေးပြစ်ဒဏ် (Social Punishment) ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ပူတာအို ဌာနေတိုင်းရင်းသားများမှ မိမိဒေသတွင်းကို အတတ်နိုင်ဆုံး ကာကွယ်နိုင်ရန်အတွက် ယခုလို စာထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ ကော်မတီဝင် ဦးဇော်မိုင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"ဆွမ်ပရာဘွမ်မြို့နယ်ရဲ့ အထက်ဘက်နေရာတွေမှာ သူတို့ ဒီသဘာဝသယံဇာတကို တူးဖော်နေတာကြာပါပြီ။ ဆွမ်ပရာဘွမ်ရဲ့ ရှေ့ခြမ်းနားထိ ဧရာဝတီမြစ်ပေါ့နော်။ အဲဒီအခြမ်းနားထိ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိကို သူတို့ အကြီးအကျယ်တူးကြတယ်။ ဒီလုပ်ငန်းပေါ်မှာ တတ်နိုင်သမျှ အထက်ကိုလည်း စာတင်ပြီး သူတို့ဆွေးနွေးတယ်။ အဲအပေါ်မှာလည်း ဘာတုန့်ပြန်ချက်မှမရှိတော့ ကျွန်တော်တို့ဒေသခံတွေ အားလုံးစုပေါင်း ကော်မတီဖွဲ့ကြတယ်။ ဒီကော်မတီရဲ့ Movement (လှုပ်ရှားမှု) နဲ့ အတတ်နိုင်ဆုံး ကျွန်တော်တို့ ကာကွယ်ဖို့။ ကျွန်တော်တို့ရဲ့ဒေသက ဖားကန့်လို ဖုန်ထတဲ့ အခြေအနေမရောက်အောင် အတတ်နိုင်ဆုံး ဝိုင်းပြီးကာကွယ်ကြမယ်ပေါ့ နံပါတ်တစ်က အဲဒီလိုကာကွယ်တဲ့နေရာမှာ ကျွန်တော်တို့ Network က ကျဉ်းတော့ ကျွန်တော်တို့ပဲလုပ်လို့ အဆင်မပြေဘူး။ အားလုံး အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်မှုနဲ့လုပ်မှ ဖြစ်မှာကြောင့် သိသင့်သိထိုက်တဲ့လူတွေ၊ ပါဝင်သင့်တဲ့လူတွေ ပါဝင်လို့ရအောင် အားလုံးကို ဖိတ်ခေါ်ဖို့အတွက် ကျွန်တော်တို့ အခုလို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်" ဟု ဦးဇော်မိုင်က ဆိုသည်။

ပူတာအိုခရိုင်ဒေသသည် ရှေးယခင်ကပင် ကချင်လူမျိုးတို့၏ အထွဋ်အမြတ်ထားရာ သမိုင်းဝင်အမွေအနှစ်များ တည်ရှိရာဒေသဖြစ်သည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...