အပြစ်မဲ့ပြည်သူလူထု ၇၀၀ ကျော် သတ်ဖြတ်မှု စစ်ကောင်စီခေါင်းဆောင်များ တာဝန်ခံရမည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

အပြစ်မဲ့ပြည်သူလူထု ၇၀၀ ကျော် သတ်ဖြတ်မှု စစ်ကောင်စီခေါင်းဆောင်များ တာဝန်ခံရမည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ကြသည့် အပြစ်မဲ့ပြည်သူလူထု ၇၀၀ကျော်အတွက် စစ်ကောင်စီခေါင်းဆောင်များက တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်သည်ဟု အပစ်ရပ်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်သည်။

ယနေ့ (ဧပြီ ၂၆ ရက်)တွင် အွန်လိုင်း video conference ဖြင့် ပြုလုပ်သည့် PPST ၏ အစည်းအဝေး အဖွင့်မိန့်ခွန်း၌ PPST ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ထိုသို့ ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ထို့အပြင် ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပသည့် အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး၏ ဘုံသဘောထားသဘောတူညီချက်ကို ကြိုဆိုပြီး တိကျသည့် လုပ်ငန်းစဉ်၊ အချိန်ဇယားများဖြင့် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွာရန် အာဆီယံကို အလေးအနက် မေတ္တာရပ်ခံကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်မိန့်ခွန်းတွင် ဖော်ပြထားသည်။

အဆိုပါ ဘုံသဘောတူညီချက် (၅)ချက်ဖြစ်သည့် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်အကျိုးဆောင်စေ့စပ်ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးနှင့် အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်တွင်းသို့ လာရောက်ပြီး သက် ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရေးတို့ကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် EAO များ အနေဖြင့် အာဆီယံနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သလို အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားသည့် ခေါင်းဆောင်များနှင့် ပြည်သူလူထုများအားလုံး ချွင်းချက်မရှိ လွတ်မြောက်ရေးအတွက် အာဆီယံမှ ကြိုးပမ်းဆောင်ရွက်ပေးရန်လည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က တောင်းဆိုထားသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်၏ မိန့်ခွန်းတွင် ဧပြီလ ၁၆ရက်နေ့က အင်အားစု အသီးသီး စုပေါင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို တရား ဝင်ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် အာဏာရှင်စနစ် အပြီးသတ်ချုပ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်ခြင်းဖြစ်၍ NUGဖွဲ့စည်းနိုင်ခြင်းအပေါ် PPST အနေဖြင့် နှစ်ထောင်းအားရဝမ်းမြောက်မိပါကြောင်းလည်း ဖော်ပြထားသည်။

ဧပြီလ ၂၆ရက်မှ ၂၇ရက်နေ့အထိ နှစ်ရက်တာ ပြုလုပ်မည့် PPST အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအကြပ်အတည်းဖြေရှင်းနိုင်ရေးကိစ္စနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသွားကြမည်ဟု သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုး သားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါဝင်ကြသည်။

Most read this week

February 23, 2026
တော်လှန်ရေးအရွေ့အတွက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကော်သူးလေရှိ ကရင်လူငယ် များနှင့်...
CJ (မရောင်းထွက်သေးသည့် ကြံသကာများကို တောင်သူတစ်ဦးနှင့်အတူတွေ့ရစဥ်)
February 21, 2026
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကြံပင်စိုက်၍ ကြံသကာကြိုချက်...
February 20, 2026
ကရင်ပြည်နယ် မြဝတီမြို့ပေါ်ရှိ တစ်နိုင်တစ်ပိုင် ရောင်းချနေသည့် လမ်းဘေးစက်သုံးဆီဆိုင်များကို...
February 19, 2026
မဲခေါင်မြစ်ဝှမ်းဒေသအတွင်း နှစ်စဉ်ကြုံတွေ့နေရသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့် လေထုညစ်...