ငါး၊ ပုစွန်များ ဈေးကောင်းမရသဖြင့် သံတွဲမြို့နယ်က ကျော့ပိုက်လုပ်ငန်းအချို့ ရပ်နားထားရ

ငါး၊ ပုစွန်များ ဈေးကောင်းမရသဖြင့် သံတွဲမြို့နယ်က ကျော့ပိုက်လုပ်ငန်းအချို့ ရပ်နားထားရ

ငါး၊ ပုစွန်များဈေးကောင်းမရသဖြင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူများမှာ အရှုံးနှင့်ရင်ဆိုင်လာရကာ လက်ရှိတွင် ကျော့ပိုက်လုပ်ငန်းအချို့ ရပ်နားထားရသည်အထိဖြစ်လာနေကြောင်း သံတွဲမြို့နယ်မှ ငါးဖမ်း လုပ်ငန်း လုပ်ကိုင်နေသူများက ပြောဆိုသည်။

ငါးဖမ်းလုပ်ငန်းများမှာ ပြီးခဲ့သည့်နှစ် ကိုဗစ်ကာလအတွင်းကလည်း အခက်အခဲနှင့်ရင်ဆိုင်ခဲ့ရကာ လက်ရှိ မှာလည်း ငါး၊ ပုစွန်များ ဈေးကောင်းမရသဖြင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူများမှာ လကြာရှည်စွာ အရှုံးပေါ်နေရခြင်းဖြစ်သည်။

“အခုက ဆီဈေးအလွန်ပဲတက်လာတဲ့ အခြေအနေကိုရောက်လာတယ်၊ ငါးဈေးမရတဲ့အတွက်ကြောင့် လုပ်သားတွေရဲ့လုပ်ခလစာ၊ ဆီဖိုး၊ တစ်ခြားယေယျာဝစ္စ ငွေကြေးတွေကအစ လည်ပတ်မှုအားနည်းလာ ပြီးတော့ ကျော့ပိုက်သမားတွေအားလုံးဟာ ဒုက္ခနဲ့ရင်ဆိုင်နေရတဲ့ကာလကိုရောက်နေတာပေါ့” ဟု သံတွဲမြို့နယ် ဂျိတ္တောရပ်ကွက်မှ ကျော့ပိုက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝေစိုးကဆိုသည်။

ယခင်က တစ်ပိဿာလျှင် ငွေကျပ်ခုနှစ်ထောင်ဈေး ရရှိခဲ့သည့်ငါးများမှာ ယခုအခါ တစ်ပိဿာကို ငွေကျပ် တစ်ထောင်နှင့်ပင် ရောင်းမထွက်ဘဲဖြစ်နေကြောင်း ကျော့ပိုက်လုပ်ငန်းရှင်များက ဆိုကြသည်။

ကျော့ပိုက်လုပ်ငန်းရှင်များအနေဖြင့် လာမည့်မိုးရာသီကာလတွင် ငါးဖမ်းဆီးနိုင်ရန်အတွက် လှေ၊ ပိုက် စသည်များကို ပြန်လည်ပြုပြင်ရန် ငွေကြေးအခက်အခဲရှိနေကြသည်။

ယခုကဲ့သို့အခြေအနေမျိုးတွင် ကျော့ပိုက်လုပ်ငန်းများရပ်တည်နိုင်ရန်အတွက် အကူအညီများပေးရန် လိုအပ်ကြောင်း ကျော့ပိုက်လုပ်ငန်းရှင်များကဆိုသည်။

ကျော့ပိုက်တစ်ဖောင်တွင် လုပ်သား ၂၆ ဦးအထိပါဝင်ပြီး လက်ရှိမှာ မိမိတို့လုပ်ကိုင်နေသည့် ကျော့ပိုက်လုပ်ငန်းရှင်များမှ လုပ်ငန်းများရပ်နားလိုက်မည်ကို လုပ်သားများအနေဖြင့် စိုးရိမ်မှုများရှိနေကြသည်။

“တစ်လမှာ ၂၅ ရက်လောက်လုပ်ရတယ်။ တစ်နေ့ကို ငွေကျပ်ရှစ်ထောင်နှုန်းလောက်ရတယ်။ ဒီလို ငါးဖမ်းလုပ်ငန်းကို မှီခိုပြီးလုပ်ကိုင်နေတဲ့ သူတွေအများကြီးပဲ” ဟု သံတွဲမြို့နယ်မှ ငါးဖမ်းလုပ်သား ကိုကုလားက ပြောသည်။

ယခင်က အမျိုးသမီးများမှာလည်း ငါးလှန်း၊ ငါးသိမ်းလုပ်ငန်းများတွင် လုပ်ကိုင်ကာ ဝင်ငွေရရှိခဲ့ကြသည်။ သို့သော် ကိုဗစ်ကာလမှစတင်ပြီး အလုပ်အကိုင်မရရှိကြသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်နေရကြောင်း သိရသည်။

သံတွဲမြို့နယ်မှ ငါးလှန်း၊ ငါးသိမ်းရာတွင် လုပ်ကိုင်နေသည့် ဒေါ်ခင်သန်းနိုင်က “ငါးရလာလို့ ငါးလှန်းရတဲ့ အခါမှ တစ်နေ့ကို နှစ်ထောင်နှုန်းလောက်ပဲရတာ။ အခုဆိုရင် ငါးမလှန်းရဘူး။ ဒီလုပ်ငန်းကို အားကိုးပြီး တော့ပဲ စားနေရတာ၊ ဒီလုပ်ငန်းရပ်နားသွားရင် ကျွန်မတို့လည်းဒုက္ခရောက်ပြီ” ဟု ဆိုသည်။

သံတွဲမြို့နယ်အတွင်းက ဆင်ခေါင်း၊ မော်ရုံ၊ မောင်ရွှေလေး၊ ဂျိတ္တော၊ လှေကြီးဂျိုင် စသည့် ဒေသများတွင် ကျော့ပိုက်လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ငါးဖမ်းလှေ အစီးရေ ၃၀၀ ကျော်ရှိသည်။

ဂျိတ်တ္တောရပ်ကွက်မှာ လှေအစီးရေ ၉၀ ရှိတဲ့အထဲက လက်ရှိမှာ လှေအစီးရေ ၁၅ စီး ရပ်နားထားရတယ်လို့ ဂျိတ္တောရပ်ကွက် ကျော့ပိုက်လုပ်ငန်းရှင်များအသင်းက သိရသည်။

DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...