ရခိုင်တွင် စိုက်ပျိုးရေးစရိတ်ချေးငွေများကို ယခုလဒုတိယပတ်တွင် နောက်ဆုံးထားဆပ်ရန် စိုက်/ဘဏ်မှ ညွှန်ကြားထား

ရခိုင်တွင် စိုက်ပျိုးရေးစရိတ်ချေးငွေများကို ယခုလဒုတိယပတ်တွင် နောက်ဆုံးထားဆပ်ရန် စိုက်/ဘဏ်မှ ညွှန်ကြားထား

၂၀၂၀ ပြည့်နှစ်က မိုးစပါးစိုက်ပျိုးရန်အတွက် လယ်သမားများချေးထားသည့် စိုက်ပျိုးရေးစရိတ်ချေးငွေများကို ယခု ဧပြီ ၁၅ ရက်နေ နောက်ဆုံးထားပြီးပြန်ဆပ်ပေးရန် ညွန်ကြားထားကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ)၏ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ စိုက်ပျိုးရေးစရိတ်ချေးငွေကို ပြန်ဆပ်သူမှာ ယခင်နှစ်ထက် ထက်ဝက်ထိလျော့ကျနေကြောင်း မြန်မာ့ လယ်ယာဖွံဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ ဘဏ်မန်နေဂျာ ဦးအေးသိန်းက DMG သို့ပြောသည်။

“အခုလောလောဆယ် ပြန်ဆပ်သူတွေကတော့ မနှစ်ကထက်စာရင် တစ်ဝက်ထိလျှော့ကျသွားတယ်။ ချေးငွေတွေကို ဧပြီလ ၁၅ ရက်နေ့နောက်ဆုံးထားပြီးပြန်ဆပ်ဖို့ ညွှန်ကြားထားတယ်။ ဒါပေမဲ့ အခုလိုကာလမှာ လယ်သမားတွေမှာလည်း အခက်အခဲရှိမှာပေါ့” ဟု ၎င်းကဆိုသည်။

လယ်သမားများ စိုက်ပျိုးရေးစရိတ်ချေးငွေများ ပြန်ဆပ်ရမည့်နေ့ကိုသိရှိစေရန် ဓါတ်တိုင်များတွင် စာကပ်ပြီး အသိပေးထားကြောင်း ရမ်းဗြဲမြို့နယ် မကျည်းကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းက ပြောသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ပြီးတော့ မြို့နယ်ကညွန်ကြားတဲ့အတွက် ကျနော်တို့ရွာမှာ အဲဒီစိုက်ပျိုးရေးစရိတ်ချေးငွေတွေကို လယ်သမားတွေသိဖို့အတွက် စာကပ်ထားတယ်။ စာကပ်တာကတော့ မတ်လကုန်လောက်ကကပ်ထားတာပါ။ အဲဒီလို့ကပ်တာကတော့ လယ်သမားတွေသိဖို့အတွက် အသိပေးတဲ့ အနေနဲ့ စာကပ်ထားတာပါ” ဟု ဆိုသည်။

လက်ရှိတွင် လယ်သမားများမှာ စိုက်ပျိုးရေးစရိတ်ချေးငွေပြန်ဆပ်ရန် အခက်ခဲများရှိနေသောကြောင့် အချိန် ဆိုင်ငံ့ပေးရန်သင့်ကြောင်း မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှ လယ်သမားဦးစိုးနိုင်ကပြောသည်။

“ကျနော်တို့ဘက်မှာဆိုရင် တိုက်ပွဲဖြစ်တော့ စိုက်ထားတဲ့စပါးတွေကိုတောင် လယ်သမားတွေမရိပ်သိမ်းခဲ့ရတာ တွေရှိတယ်။ စိုက်ပျိုးရေးချေးငွေပြန်ဆပ်ရန်နိုင်ဖို့ နေနေသာသာ လာမယ့်မိုးရာသီမှာတောင် မျိူးစပါးမရှိသေးတဲ့ အတွက် လယ်လုပ်ဖို့အခက်ခဲတွေရှိနေတယ်။ ဖြစ်နိုင်မယ့်ဆိုရင် ဒီချေးငွေတွေ အချိန်ဆိုင်းငံ့စေချင်တယ်” ဟု ၎င်းကဆိုသည်။

လက်ရှိနိုင်ငံရေးအခြေအနေကြောင့် တောင်သူလယ်သမားများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ဘက်ပေါင်းစုံအခက်အခဲ၊ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့်ကာလဖြစ်သည့်အတွက် တောင်သူ လယ်သမားများ၏ သက်သာချောင်ချိရေးကိုရှေးရှုလျက် ၂၀၂၀ ပြည့်နှစ်၊ စိုက်ပျိုးစရိတ်မိုးချေးငွေ နောက်ဆုံး ပြန်လည်ပေးဆပ်ရမည့်ရက်ကို ၂၀၂၁ ပြည့်နှစ်၊ ဧပြီလ(၁၅)ရက်နေ့အစား ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့ အဖြစ် တစ်နှစ်တိတိ သက်တမ်းတိုးမြှင့်ပြင်ဆင်သတ်မှတ်လိုက်ကြောင်း CRPH က မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က မိုးစပါးချေးငွေ (ကျပ် ၇၉ ဒသမ ၈၅ ဘီလီယံ)အား လယ်သမားများသို့ထုတ်ချေးပေးခဲ့ရာ ၂၀၂၀ ခုနှစ် မေလ ၂၇ ရက်နေ့ အထိ ချေးငွေပြန်ဆပ်မှုမှာ (၁၁ ဒသမ ၁၀ ဘီလီယံ)ခန့်သာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ စိုက်ပျိုးရေးစရိတ်ချေးငွေ ပြန်မဆပ်နိုင်ခြင်းမှာ တိုက်ပွဲများကြောင့် လယ်ယာထွန်ယက် စိုက်ပျိုးရန် အခက်အခဲဖြစ်ခြင်း၊ ထွန်ယက်ပြီးစပါးများ မရိတ်သိမ်းနိုင်ခြင်းနှင့် စပါးရောင်းဝယ်ရေး အဆင်မပြေခြင်း တို့ကြောင့်ဖြစ်သည်ဟု လယ်သမားများကဆိုကြသည်။

ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၀၁၉ ခုနှစ်အတွင်းက ထွန်ယက်စိုက်ပျိုးရန်အခက်အခဲဖြစ်ခဲ့သည့် လယ်ယာမြေဧကစုစုပေါင်း ငါးသောင်းကျော်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင်လည်း လယ်ဧကလေးသောင်းခန့် ထွန်ယက်စိုက်ပျိုးရန်အခက်အခဲဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၄ နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်တွင် စပါးသီးနှံ ၂၀ ရာခိုင်နှုန်းအထိ အထွက်နှုန်းကျဆင်းခဲ့ပြီး ကုန်ထုတ်လုပ်မှုမှာ စပါးတင်းသိန်း ၃၀၀ ခန့်လျော့ကျသွားခဲ့ကြောင်း ရခိုင်ပြည်လုံး ဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ ၂၀၁၉ ခုနှစ်ထုတ်ပြန်သည့် အစီရင်ခံစာအရသိရသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...