ကလေးမြို့နယ်က မြစိမ်းရောင်ကျေးရွာ ရေပြသနာဘယ်လိုကြုံတွေ့နေရဆဲလဲ?

ကလေးမြို့နယ်က မြစိမ်းရောင်ကျေးရွာ ရေပြသနာဘယ်လိုကြုံတွေ့နေရဆဲလဲ?

Salai Hung Tun Gei - “ကျတော်တို့ ဟင်းချက်မယ်ဆိုရင် ရေက ပြာတာတွေဖြစ်လို့ သွန်တာမျိုးရှိခဲ့တယ်။ အောက်ပေသုံးရာလောက်ထိမတူးနိုင်တော့ စိတ်ပူတာပေါ့။ ကျောက်တည်မှာကအစ စိုးရိမ်လာရတာပေါ့”

ဒီပြောစကားကတော့ ကလေးမြို့ မြစိမ်းရောင်ကျေးရွာရဲ့ အုပ်ချုပ်ရေးမှုးဖြစ်တဲ့ ဦးကြည်လျန်က မြစိမ်းရောင်ရဲ့ ရေပြသနာကို ရှင်းပြတာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ကျပ်သိန်းပေါင်း တစ်ရာကျော် ကူညီခဲ့ပေမယ့် ရွာတွင်း ရေဖြန့်ဝေရေးအတွက် အဆင်မပြေဘူးလို့ ကိုယ့်အိမ်နဲ့ကိုရေတွင်းတူးတာတွေလုပ်ရတယ်လို့ သူကဆိုပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်းဖြစ်တဲ့ ဦး ကြည်လျန်က “နောက်ပိုင်း နိုင်ငံတော်က သိန်း တစ်ရာ့လေး ဆယ်ချပေးတယ်။ အဲဒီစက်ရေတွင်းက အပေါ်က မပါဘူးဆိုတော့ ရွာတွင်းသုံးစွဲဖြန့်ဝေလို့မရဘူး။

တစ်ရွာလုံးအနေအထားနဲ့ လုံးဝအဆင်မပြေဘူး။ ကိုယ့်အိမ်ကိုယ့်ယာနဲ့ ရေတွင်းတူးကြတာတော့ရှိတယ်။ အိမ်ခြေက ၁၀၀ လောက်တော့ရှိတယ်။ လူဦးရေအရ သုံးရာလောက်ရှိတယ်။ ရေအဆင်မပြေတော့ ရွာသစ်ကို ပြောင်းတာများတယ်။ အိမ်တိုင်းကတော့ တစ်အိမ်တစ်တွင်း တူးတာတော့ရှိပေမယ့် အဆင်မပြေဘူး”လို့ပြောပါတယ်။

 

ရွာမှာသုံးတဲ့ ရေတွင်းတွေက ဟင်းချက်ဖို့တောင်အဆင်မပြေလို့ ရေတွင်းကို ပိုပြီးနက်အောင်တူးသလို ထွက်လာတဲ့ရေတွေကိုလည်း အညစ်အညမ်းတွေကို ဖယ်ပြီး သုံးစွဲရတယ်လို့ မြစိမ်းရောင် ကျေးရွာဒေသခံ အိမ်ထောင်ရှင်မ တစ်ဦးဖြစ်သူ ဒေါ်ပူးတင်က ဆိုပါတယ်။

ဒေါ်ပူးတင်က “အခုကရေတွင်းကို ပေသုံးဆယ်ကနေ ပေခြောက်ဆယ်တူးတော့ နည်းနည်းတော့ အဆင်ပြေတယ်။ အရင်ကတော့ ရေကဝါပြီးတော့ ဟင်းချက်ရင်လည်း မကောင်းတော့ဘူး။ ရေထွက်ရင်ပြီးရောဆိုပြီး တူးပြီးတော့ ခပ်ရတာပဲ။ အဲလိုဖြစ်တော့ ပြန်ပြီးတူးရတာပဲ။ တစ်ချို့ရေတွင်းတွေကိုတော့ ပစ်ထားလိုက်တော့တာ။ ရေတွေက အပေါ်ယံမှာ ပြာပြီးဖြစ်တော့ အဲဒါကို ဖယ်ပြီး ရေကို ခပ်နေရတာပေါ့။ အခုကတော့ ကိုယ့်ရေတွင်းနဲ့ကိုယ်သုံးကြလာတာများလာတယ်” လို့ဆိုပါတယ်။

မြစိမ်းရောင်ကျေးရွာဟာ ၂၀၁၅ ရေဘေးရဲ့နောက်ဆက်တွဲတွေ ကြုံတွေ့ရတာဖြစ်သလို ရွာပြောင်းရွှေ့ရတဲ့ အနေအထားတွေရှိခဲ့တယ်လို့ဆိုပါတယ်။ ပရဟိတအသင်းတွေအနေနဲ့လည်း ရေတွင်းတူးတာကအစ ကူညီဆောင်ရွက်ပေးရတယ်လို့ Chinland Today Help Team အဖွဲ့ရဲ့တာဝန်ရှိသူ ဆလိုင်းဂျက်စီက ရှင်းပြပါတယ်။

ဆလိုင်းဂျက်စီက “၂၀၁၅ ရေဘေးရဲ့ နောက်ဆက်တွဲအနေနဲ့ ပြောင်းရွှေ့တဲ့အနေအထားဖြစ်တယ်။ အခုဟာက ရွာအသစ်လိုပဲ။ ကျတော်တို့ပရဟိတ အနေနဲ့ ကူညီပေးခဲ့ရတယ်။ အဖွဲ့အစည်းပေါင်း ဆယ်ခုလောက် ကူညီမှုနဲ့ ကူညီပေးခဲ့တယ်။ ငွေသားအလှူဖြစ်ဖြစ်၊ လုပ်အားနဲ့ဖြစ်ဖြစ် ကူညီခဲ့တယ်။ ၂၀၁၆ မှာဆိုရင်လည်း ရေတွင်းတွေ အတော်ခမ်းသွားတယ်။ တစ်ရွာကို သိန်းလေးဆယ့်ငါးသိန်းဝန်းကျင်လောက်နဲ့ တစ်ရွာကို ရေတွင်း တွေ တူးပေးခဲ့တယ်။ ကျတော်တို့က ကိုယ့်ပိုက်ဆံစိုက်ပြီး ရေတွင်းတူးပေးတယ်။ အဲဒါတွေကိုလည်း အလှူရှင်က ပြန်ပေးတာမျိုးလည်းရှိတယ်” လို့ဆိုပါတယ်။

ကျေးလက်ဌာနအနေနဲ့လည်း ရေတွင်းတူးပေးတာမျိုးရှိပေမယ့် ကျန်းမာရေးဌာနအနေနဲ့ လာရောက်စစ်ဆေးချိန်မှာ မြစိမ်းရောကျေးရွာအတွင်း ရေသန့်မှုမရှိဘူးသလို အခုလည်း ရေတွင်းတစ်တွင်းပဲ ရေသန့်ရတယ်လို့ ဒေသခံဖြစ်သူ ကိုအောင်မြင့်ထွန်းကဆိုပါတယ်။

မြစိမ်းရောင်ကျေးရွာဒေသခံဖြစ်တဲ့ ကိုအောင်မြင့်ထွန်းက “အရင်ကတော့ လက်ယက်တွင်းလို့ခေါ်တာပေါ့။ နောက်ပိုင်း ပေလေးဆယ်ငါးဆယ်လောက်ပြန်တူးတာပေါ့။ ကြားကာလမှာ ကျေးလက်ဌာနက လာလုပ်ပေးတာရှိတယ်။ အဲဒီဟာလည်း ကျန်းမာရေးဌာနက လာစစ်ပြီး ရေမသန့်ဘူးလို့ပြောတာရှိတယ်။ ဒီရွာမှာကတော့ ရေမသန့်ဘူးဆိုတာမျိုးရှိတယ်။ ဒါပေမယ့် ကျန်းမာရေးဌာနက ရေတစ်တွင်းကိုပဲ သန့်တယ်လို့ပြောတာရှိတာပေါ့”

၂၀၁၅ မတိုင်ခင်က ကျေးရွာအတွင်း ရှိတဲ့ရေတွင်းနဲ့ရေသုံးစွဲမှုရှိပေမယ့် အလှူရှင်တွေအနေနဲ့ ရေအခက်အခဲအပေါ် အလှူပေးရေတွင်းတူးပေးပေမယ့် အဆင်မပြေဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်းကပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်းဖြစ်တဲ့ ဦး ကြည်လျန်က “သဘာဝဘေးမဖြစ်ခင်ကတော့ ဒီအတိုင်းရေသုံးပေမယ့် ၂၀၁၅ နောက်ပိုင်းမှာတော့ အလှူရှင်တွေလာပေမယ့် သူတို့ တူးပေးတာက ဆယ်တွင်းမှာ တစ်တွင်းလောက်ပဲ ရေကောင်းကောင်းရတယ်။ အခုတစ်ရွာလုံးသုံးတဲ့ ဟာက ရေတွင်းတစ်တွင်းပဲရှိတယ်” လို့ဆိုပါတယ်။

သူကဆက်ပြီး “နိုင်ငံတော်က တူးပေးတာလည်း ရွာထဲမှာရှိပေမယ့် ရေစင်လည်းမရှိဘူး။ အဲဒါကလည်း ၂၅ သိန်းလောက်ကုန်ကျနိုင်တယ်။ အဲလိုရေစင်ရရင် တစ်ရွာလုံးကို ဖြန့်ပေးနိုင်မယ်လို့ ယူဆတယ်”လို့ဆိုပါတယ်။

ကျေးရွာဒေသခံ အိမ်ထောင်ရှင်မဖြစ်တဲ့ ဒေါ်ပူတင်က ရေမလုံလောက်တဲ့ အိမ်ခြေတွေအနေနဲ့ အိမ်နီးနားခြင်း အိမ်က ရေတွေသွားခပ်ရတာဖြစ်သလို ရေတွေဟာလည်း ချက်ပြုတ်ရေးအတွက် အဆင်မပြေဘူးလို့အခုလိုပြောပါတယ်။

ဒေါ်ပူတင်က “ရေမလုံလောက်လို့ ကျန်းမာရေးထိခိုက်မှုတော့ သိပ်မရှိသေးဘူး။ လေးအိမ်ကျော်ငါးအိမ်ကျော် ဆီကရေယူပြီး သုုံးကြတာပေါ့။ ရေတွေက တစ်အားညစ်ညမ်းတယ်။ ထမင်းဟင်းချက်ရင်တောင် အရောင်တွေ ပြောင်းတာများတယ်။ အဓိကတော့ မတ်လနဲ့ ဧပြီလတွေမှာ အဖြစ်များတယ်။ မိုးတွင်းကတော့ အဆင်ပြေပေမယ့် ရေတွေက ရေနံဆီလောင်းထားသလိုမျိုးကြီးဖြစ်နေတယ်” လို့ဆိုပါတယ်။

ဒေသခံတွေအနေနဲ့ ရေပြသနာကြောင့် ကျန်းမာရေးထိခိုက်မှု မကြုံရဘူးလို့ဆိုပေမယ့် ၁၉၈၈ ကတည်းက ကျန်းမာရေးဌာနရဲ့ ရေပြသနာနဲ့ပတ်သက်ပြီး စစ်ဆေးချက်အရ ရောဂါတစ်ချို့ ကြုံတွေ့မှုရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်းကဆိုပါတယ်။

ဆယ်စုနှစ်အကြာ ကျေးရွာအုပ်ချုပ်ခဲ့သူ ဦးကြည်လျန်က “ကျန်းမာရေးဌာနက ၁၉၈၈ ခုနှစ်တုန်းက စစ်လာတော့ လည်ပင်ကြီးရောဂါ၊ ကျောက်တည်တာတို့ဖြစ်နိုင်တဲ့ ရောဂါဖြစ်နိုင်သလိုရှိတယ်လို့တော့ ပြောကြတယ်။ တစ်ချို့ကလည်း ကျန်းမာရေးကို သတိမထားပဲ ရေရရင်ပြီးရော ဆိုပြီးရေတွင်းတူးကြတာများတယ်။ ရေသန့်ကိုလည်း ပုံမှန်ဝယ်နိုင်တဲ့အနေအထားမရှိဘူး။ အားလုံးက ဆင်းရဲကြတာကိုး” လို့ပြောပါတယ်။

ကျေးရွာဒေခံတစ်ဦးဖြစ်သူ ကိုအောင်မြင့်ထွန်းကလည်း သူ့ရဲ့အတွေ့အကြုံနဲ့ ရွာရဲ့လိုအပ်ချက်ပြာပြရာမှာ “ရေမသန့်တော့ ဆီးကျောက်တည်တာမျိုးတွေတော့ရှိတယ်။ ရေသန့်သောက်သုံးဖို့လည်း တစ်အိမ်ကို သုံးလေးသောင်းသုံးပြီး ရေဝယ်ရတယ်။ ကျေးလက်ဌာနကစစ်ဆေးတာကတော့ ဆီးကျောက်တည်တာက ရေမသန့်ဘူးလို့ပြောကြတယ်။ ဖြစ်နိုင်ရင် အလှူရှင်တွေလာပေးတဲ့ ရေတွင်းကို ပေနည်းနည်း ထပ်မြှင့်ပြီး ရွာတွန်းကို ဖြန့်နိုင်ရင်ကောင်းတယ်လို့မြင်တယ်” လို့ဆိုပါတယ်။

Chinland Today Help Team ရဲ့တာဝန်ရှိသူတစ်ဦးက သူတို့ကူညီပေးခဲ့တဲ့ သောက်ရေတွင်းရေတွေဟာ အခုအထိ အဆင်ပြေတာတော့ တွေ့ရပါတယ်လို့ဆိုပါတယ်။

Chinland Today Help Team ရဲ့တာဝန်ရှိသူ ဆလိုင်းဂျက်စီက “အလှူရှင်တွေအနေနဲ့ ပေသုံးဆယ်လောက်ပဲတူးပေးတာရှိတယ်။ အဲဒီရေတွင်းတွေပျက်သွားတာမျိုးတော့ရှိတယ်။ ကျတော်တို့ကတော့ ပေတစ်ရာကျော်လောက်တူးပေးတယ်။ အဲဒါတွေကတော့ အခုထိ အဆင်ပြေတယ်” လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ၂၀၁၅ သဘာဝဘေးဒဏ်ဖြစ်ပြီးနောက်ပိုင်း မြစိမ်းရောင်ကျေးရွာမှာ မွေးမြူထားတဲ့ တိရိစ္ဆာန်တွေလည်း ရေညစ်ညမ်းမှုတွေကြောင့် လူတွေသောက်သုံးတဲ့ ရေကိုသောက်သုံးရေအဖြစ်သုံးစွဲရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ မြစိမ်းရောင်ကျေးရွာဟာ ကလေးမြို့နယ်ရဲ့ အနောက်မြောက်ဖက်မှာရှိပြီး လူမျိုးပေါင်းစုံနေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...